DVB Logo
Home
မြန်မာသတင်း
ဟားခါးနှင့် ထန်တလန်ကြားက စစ်စခန်း ၃ ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
July 28, 2024
ဟားခါးနှင့် ထန်တလန်ကြားက စစ်စခန်း ၃ ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက Auto တောင်တပ်စခန်း ၃ ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်တယ်လို့ CNF/CNA ဆီက သိရပါတယ်။

ထန်တလန်မြို့ရဲ့ ရှေ့တန်းအမာခံစခန်းဖြစ်တဲ့ Auto တောင် စခန်း ၃ ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းမှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ယောက် သေဆုံး၊ ၂ ယောက် အရှင်ဖမ်းဆီးရမိသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “စစ်ကောင်စီစခန်းတခုနဲ့တခု ချိတ်ဆက်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ စခန်းကြီးတခုပါ။ စစ်ရေးစစ်ရာနဲ့ ထောက်ပို့လုပ်တဲ့နေရာမှာ အချက်အချာကျတဲ့ စခန်းတခုပေါ့။ အခု ကျနော်တို့ သိမ်းလိုက်ပြီဆိုတော့ သူတို့ရဲ့ ချိတ်ဆက်မှုက ပြတ်တောက်သွားပြီလို့ပြောလို့ရတာပေါ့” လို့ ပြောပါတယ်။

အဲဒီစခန်းမှာ စစ်ကောင်စီရဲ့တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတွေ အထိုင်ချထားပြီး Auto တောင်တပ်စခန်းအပြင် ဘေးပတ်လည်မှာဝန်းရံထားတဲ့တပ်စခန်း ၃ ခုနဲ့ဆိုရင် အင်အား ၇၀ ကနေ ၁၀၀ ကြားရှိတဲ့ တပ်စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်အစိုးရ မပေါ်ပေါက်ခင်က တိုက်ပွဲတွေဖော်ဆောင်တဲ့နေရာမှာ အားနည်းချက်တွေရှိခဲ့ပေမယ့် ချင်းပြည်အစိုးရပေါ်ပေါက်လာပြီးတဲ့နောက် တိုက်ပွဲတွေဖော်ဆောင်တာ ထိရောက်မှုတွေရှိလာတယ်လို့ ဆလိုင်းထက်နီက ဆက်ပြောပါတယ်။

“နွေဦးတော်လှန်ရေးအစမှာတော့ စစ်ဆင်ရေးဖော်ဆောင်တာ သီးခြားစီဆိုတော့ ထိရောက်မှုအပိုင်းမှာ အားနည်းချက်တွေရှိတယ်။ အခုနောက်ပိုင်းတော့ ချင်းပြည်အစိုးရပေါ်လာပြီးနောက်ပိုင်း ကျနော်တို့ CNA အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံး ပူးပေါင်းပြီး စစ်ဆင်ရေးတွေလုပ်လာတော့ ပိုပြီးတော့ ထိရောက်မှုရှိလာတယ်”လို့ သူက ပြောပါတယ်။

Chinland Council ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီရဲ့ ရှေ့တန်းအမာခံစခန်းတွေကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့က စတင်တိုက်ခိုက်ပြီး တပတ်အတွင်း စခန်း ၆ ခု သိမ်းပိုက်ရရှိခဲ့သလို လက်နက်ခဲယမ်းအများအပြားနဲ့ သုံ့ပန်း ၃ ယောက် ဖမ်းဆီးရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013