DVB Logo
Home
မြန်မာသတင်း
မြန်မာအခြေအနေပိုဆိုးလာဟု ဩစတြေးလျပြော၊ မြန်မာ့အရေး အလွယ်တကူ အဖြေရှာရန် မမျှော်လင့်ဟု စင်ကာပူပြော
DVB
·
July 28, 2024
မြန်မာအခြေအနေပိုဆိုးလာဟု ဩစတြေးလျပြော၊ မြန်မာ့အရေး အလွယ်တကူ အဖြေရှာရန် မမျှော်လင့်ဟု စင်ကာပူပြော
Donate to DVB

စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေက အလွန်အမင်း  နက်ရှိုင်းစွာ စိုးရိမ်စရာဖြစ်နေပြီး   ပိုဆိုးရွားလာနေတယ်လို့  သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ဇူလိုင် ၂၇ ရက်မှာ  ပြောကြားလိုက်ပါတယ်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနဲ့   ဆက်စပ်ကျင်းပတဲ့ ဒေသဆိုင်ရာအစည်းအဝေးပွဲမှာပါဝင် တက်ရောက်နေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက  သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုဖြစ်လာတာ၊ စီးပွားရေးက အရမ်းကို ခက်ခဲတဲ့ လမ်းကြောင်းပေါ် ရောက်တာတွေ့ရတယ်၊ ပဋိပက္ခကြောင့်  မတည်ငြိမ်မှုတွေ၊ မလုံခြုံမှုတွေ၊ အသက်သေဆုံးမှုတွေ မြင်တွေ့နေရတယ်၊ တရားမဝင်မူးယစ်ဆေးဝါးတွေတိုးလာတာ မြင်တွေ့ရတယ်လို့ ဝန်ကြီး ပန်နီဝေါင်းက ပြောပါတယ်။

ဒါ့အပြင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလေးစားလိုက်နာဖို့နဲ့  ပဋိပက္ခတွေ ဖြေရှင်းဖို့ မတူကွဲပြားတဲ့နည်းလမ်းနဲ့ လုပ်ဆောင်ဖို့လည်း မြန်မာစစ်အာဏာရှင်ကို  သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။

ဝန်ကြီး ပန်နီဝေါင်းက   “ဩစတြေးလျနိုင်ငံကနေ စစ်အာဏာရှင်ကိုပေးချင်တဲ့  သတင်းစကားကတော့ ဒီအခြေအနေဟာ စစ်အာဏာရှင်အတွက်ရော ပြည်သူလူထုအတွက်ပါ ရေရှည်ဆက်ထိန်းထားနိုင်မှာဟုတ်တော့ဘူး၊  စစ်ကောင်စီအနေနဲ့ မတူကွဲပြားတဲ့ တခြားနည်းလမ်းတခု ဖော်ဆောင်ဖို့၊ ပြီးတော့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အလေးထားစဉ်းစားဖို့  ကျမတို့ တိုက်တွန်းလိုပါတယ်”လို့ ပြောပါတယ်။

မြန်မာ့အရေး  အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုကို ဆက်လက်ပြီး ထောက်ခံအားပေးတယ်၊ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းဖို့အတွက် နည်းလမ်းတခုရှာဖို့  ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်းဆက်လက်ပြီး ထောက်ခံတယ်၊  ဩစတြေးလျအနေနဲ့  အာဆီယံနဲ့ တခြားနိုငံတွေနဲ့အတူ ဆက်လက်ပြီး လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ကလည်း   မြန်မာစစ်တပ်ရဲ့ စိတ်ဆန္ဒမရှိမှုကြောင့်   အာဆီယံ  ဘုံသဘောတူညီချက် ၅ ရပ်ဟာ တိုးတက်မှု အရမ်းနည်းလွန်းတယ်လို့  သတင်းထောက်တွေကို  ပြောပါတယ်။

မြန်မာစစ်တပ်ဟာ စားပွဲဝိုင်းမှာထိုင်ပြီး မဆွေးနွေးလိုတာ၊ ဖမ်းဆီးထားသူတွေကို လွှတ်မပေးတာ၊ တိုးတက်မှုရရှိအောင်လုပ်ဖို့  စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဆန္ဒမရှိလို့ တိုးတက်မှု နည်းနေတာလို့လည်း ပြောပါတယ်။   

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ လွန်ခဲ့တဲ့ ၃ နှစ်က စဖြစ်တာမဟုတ်ဘဲ ကံမကောင်း အကြောင်းမလှစွာနဲ့ ဆယ်စုနှစ်တွေနဲ့ချီကြာရှည်ဖြစ်ပွားနေတဲ့ ပြဿနာဖြစ်တယ်- ၊ အခြေခံအားဖြင့် နိုင်ငံကကြီးမား၊ သယံဇာတကြွယ်သလို နယ်မြေဒေသအလိုက် မတူကွဲပြားမှုတွေ ရှိတဲ့နိုင်ငံဖြစ်တယ်၊ နိုင်ငံရဲ့အမျိုးသားလက္ခဏာနဲ့ ပတ်သက်ပြီး ဘုံသဘောထားရပ်တည်ချက်တခုချမှတ်ဖို့  ဘယ်တုန်းကမှ  အောင်မြင်ခဲ့တာမရှိဘူးလို့ ပြောပါတယ်။

“မြန်မာ့အရေး  မြန်မြန်နဲ့ လွယ်လွယ်ကူကူ အဖြေရှာဖို့ မမျှော်လင့်နဲ့၊ ဒါပေမဲ့  ကျနော်တို့ရဲ့ြ အမြင်တွေကိုထုတ်ဖော်ပြောပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးပါတယ်။ သက်ဆိုင်သူတွေအားလုံးကို ဆက်လက်ပြီး လမ်းဖွင့်ထားပါတယ်။ ကျနော်တို့ ကူညီနိုင်တဲ့အခါ အချိန်မှန်၊ နေရာမှန်၊ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်မှာဖြစ်တယ်။” 

မြန်မာနိုင်ငံ ပြဿနာအတွက် ရေရှည်အဖြေရှာဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို  ပြန်လည်သုံးသပ်သွားမယ်လို့  အာဆီယံအဖွဲ့က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိလာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် မပြုပေမဲ့ နိုင်ငံခြားရေး အတွင်းဝန် ဦးအောင်ကျော်မိုးနဲ့အဖွဲ့ကို တက်ရောက်ခွင့်ပေးထားတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့  အာဆီယံအနေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေကို အစည်းအဝေးတက်ခွင့်မပေးဖို့၊  ဘုံသဘောတူညီချက် ၅ ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ဖို့တိုက်တွန်းလိုက်သလို  အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိစေရေး သံတမန်ရေးအရ ဖိအားပေးမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။  

Photo-Reuters/Asean

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013