
ကော့စတာရီကာ အာဏာပိုင်တွေက နိုင်ငံတကာ လူကုန်ကူးမှုနဲ့ ဆက်စပ်နေတဲ့ ဒေသခံ မူးယစ်ဆေးဝါးဂိုဏ်းတခုကို ပစ်မှတ်ထားရင်း နိုင်ငံရဲ့သမိုင်းမှာ အကြီးမားဆုံးအနေနဲ့ ရဲတပ်ဖွဲ့စစ်ဆင်ရေးကို ဇွန် ၂၃ ရက်မှာ ဆင်နွှဲခဲ့ပါတယ်။
ကော့စတာရီကာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ရဲအရာရှိတွေက ကာရစ်ဘီယံ ကမ်းရိုးတန်း လီမွန်မြို့က အိမ်ခြံမြေတွေကို ဝင်ရောက်စီးနင်းနေတာကို ပြသထားပါတယ်။
အာဏာပိုင်တွေက “Riverside” လို့ ခေါ်တဲ့ စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် အိမ်ခြံမြေ ၉၇ ခုနဲ့ အဆောက်အအုံ ၁၄၁ ခုမှာ ၉၇ ကြိမ် စီးနင်းခဲ့တယ်လို့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီရဲ့ ဒါရိုက်တာ မိုက်ကယ် ဆိုတိုက ပြောပါတယ်။
ဂိုဏ်းခေါင်းဆောင်လို့ ယူဆရတဲ့ အက်ဒ်ဝင် လိုပက်ဇ်လို့ လူသိများတဲ့ ပီချို ဒီ ရာတာကို အမေရိကန် ပြည်ထောင်စုဆီ လွှဲပြောင်းပေးပြီးတဲ့နောက် ဒီအုပ်စုက ဆက်လည်ပတ်နေတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပြီး ဒီစစ်ဆင်ရေးအတွင်း ကွန်ရက်ကို ဖြိုခွင်းဖို့ ရည်ရွယ်ထားပါတယ်။
လူ ၄၁ ယောက်ကို ဖမ်းဖို့နဲ့ ဒေါ်လာ ၂၂ သန်းနီးပါး တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးအတွင်း ရဲအရာရှိ ၁,၅၀၀ ကျော် ပါဝင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေ၊ ဇိမ်ခံယာဉ်တွေ၊ ဟိုတယ် ၆ ခု၊ နွားရုံတရုံ၊ စားသောက်ဆိုင်တဆိုင်၊ ခရီးသွားတွေ ငှားတဲ့အိမ်တွေ၊ အားကစားရုံတရုံ၊ ဘောလုံးကွင်းတကွင်းနဲ့ အကောင်ရေ ရာချီတဲ့ နွားတွေရှိတဲ့ နွားခြံတွေ ပါဝင်ပါတယ်။
ဒီအဖွဲ့ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ တခြားရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ပြည်တွင်း တည်ငြိမ်မှုနဲ့ ခရီးသွားလုပ်ငန်းအတွက် အချိန်အကြာကြီး လူသိများခဲ့တဲ့ ကော့စတာရီကာနိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေက ခရီးတထောက်နား ဖြတ်သန်းရာ နေရာအဖြစ် သုံးနေလို့ ပိုဆိုးရွားလာတဲ့ လုံခြုံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
Source: Reuters










