DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၆ လအတွင်း ကလေးများအပါအဝင် ရိုဟင်ဂျာ ၃၅၀ ကျော်ဖမ်းဆီးခံခဲ့ရ
DVB
·
July 27, 2024
ဧရာဝတီတိုင်းတွင် ၆ လအတွင်း ကလေးများအပါအဝင် ရိုဟင်ဂျာ ၃၅၀ ကျော်ဖမ်းဆီးခံခဲ့ရ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ အယောက် ၃၅၀ ကျော် စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီနှစ် ဇန်နဝါရီလကေန ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်အထိ ၆ လအတွင်း ကုန်းလမ်း ရေလမ်းတွေကနေ တဆင့် ဧရာဝတီတိုင်းထဲကို ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၂၀၁ ယောက်၊ အမျိုးသမီး ၁၀၆ ယောက်နဲ့ အသက် ၁၈ နှစ်အောက် ကလေး ၄၉ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ပြီးခဲ့တဲ့ ၆ လအတွင်း ရိုဟင်ဂျာ အဖမ်းခံရတာ အားလုံး ၃၅၀ ကျော်ပေါ့။ ကလေးတွေလည်းပါတယ်။ စစ်ကောင်စီတပ်က ကင်းလှည့်နေရင်တွေ့လို့ အဖမ်းခံရတာ များတယ်။ ရေတပ်က ဖမ်းတာတွေလည်း ပါတယ်။ သူတို့ကို မိတဲ့နေရာနဲ့ အနီးဆုံးက တပ်စခန်းတွေ နဲ့ ရဲစခန်းတွေမှာ ဖမ်းဆီးထားတယ်လို့သိရတယ်” လို့ ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာ အယောက် ၃၅၀ ကျော်ကို မြန်အောင်၊ အိမ်မဲ၊ သာပေါင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ရွှေသောင်ယံမြို့၊ ကြံခင်းမြို့နယ်၊ ဘိုကလေး၊ ငါးသိုင်းချောင်း၊ ဟင်္သာတ၊ ဟိုင်းကြီးကျွန်း စတဲ့မြို့နဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေကဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေကိုကူညီပေးနေသူတယောက်က “စစ်ကောင်စီက လက်ရှိ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာ တွေကို လ.ဝက ဥပဒေနဲ့ အရေးယူတာရှိသလို ဘယ်ပုဒ်မနဲ့မှအရေးယူ အမှုဖွင့်မထားသေးဘဲ ချုပ်နှောင်ထားတဲ့သူတွေလည်း ရှိတယ်လို့သိရတယ်။ စစ်ကောင်စီ အာဏာရပြီးနောက် ဖမ်းမိတဲ့ ရိုဟင်ဂျာအများစုကို စစ်ကောင်စီက လ.ဝ.က ဥပဒေနဲ့ အမှုဖွင့်ထောင်ချတာ များတယ်။ စစ်ကောင်စီ လက်ထက်မှာတော့ ရိုဟင်ဂျာတွေ အပါအဝင် အကျဉ်းသားတွေ အမှုရင်ဆိုင်နေရသူတွေဟာ ကူညီခွင့် ခုခံချေပခွင့်ဘာမှမရဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲရောက်မှ ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ဘက်မှာ စစ်ရေး မတည်မငြိမ်ဖြစ်နေတာနဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေက ခွဲခြား ဆက်ဆံဖိနှိပ်ခံရတာတွေကြောင့် ဧရာဝတီတိုင်းထဲ ဝင်လာပြီး ပြည်ပနိုင်ငံတွေကိုထွက်ခွာဖို့ ထွက်လာတာလို့ ရိုဟင်ဂျာတွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဘက်ကို စက်လှေတွေ၊ စင်းလုံးငှား မော်တော်ယာဉ်တွေ၊ ရိုးရိုးလှေတွေနဲ့ထွက်ခွာလာတာဖြစ်ပြီး ရန်ကုန် ကနေတဆင့် မလေးရှားနိုင်ငံကို သွားဖို့အလာ စစ်ကောင်စီ ရဲတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်တွေမှာ ရိုဟင်ဂျာ ၁,၄၄၅ အယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အယောက် ၈၀၀ ကို လ.ဝ.က ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013