DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းရှိ တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
DVB
·
July 26, 2024
သပိတ်ကျင်းရှိ တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
1 / 3
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တွင်းငယ်ရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂၅ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်​ဆင်ရေးတာဝန်ခံတဦးက “မိုးမိတ်-မန္တလေး လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာတပ်ဖြစ်တဲ့ တွင်းငယ်ရဲစခန်းကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကားတွေနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေအပြင် စစ်ရေးပစ်မှတ်တွေကိုလည်း တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

KPDF တာဝန်ခံတဦးက “ပြောရရင် ဒီစခန်းသိမ်းတိုက်ပွဲက နာရီပိုင်းလောက်ပဲ ကြာလိုက်တယ်။ ၉ နာရီဝန်းကျင်က စလိုက်တာ ၁၁ လောက်မှာ စခန်းသိမ်းနိုင်လိုက်တယ်။ ကျနော်တို့ တပ်ပေါင်းစုတွေဘက်က အရမ်းကြီး ထိခိုက်မှုတွေတော့ မရှိပါဘူး။ သူတို့ဘက်က အသေအပျောက်စာရင်း အသေးစိတ်ကိုတော့ ဒီကလုပ်ငန်းစဥ်တွေပြီးမှ ထပ်မံထုတ်ပြန်ပေးပါလိမ့်မယ်။ နောက်ထပ်လည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမှာပါ” လို့ ပြောပါတယ်။

အဆိုပါ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာအနီးက တာဝါတိုင်ကုန်းပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့​တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ဇူလိုင်လအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်မှာလည်း ဇူလိုင် ၁၈ ရက် မနက် ၈ နာရီဝန်းကျင်က စစ်သားတဦးအား ပစ်ခတ်ပြီး ၄၀ မမ ထောက်တွဲသေနတ်ကို လုယူနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းဆီကနေ သိရပါတယ်။

မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ခံတဦးက “သူ့နာမည်က အင်္ဂုလိ တဲ့။ ဒီကောင်က စစ်သား။ 4 Wheel ကားနဲ့ သွားလေရာတိုင်း သေနတ်ကြီးတလွယ်လွယ်နဲ့ စျေးဝယ်လည်းပါတယ်၊ လက်ဖက်ရည်ဆိုင်ထိုင်လည်း ပါတယ်၊ ကွမ်းဝယ်လည်း ပါတယ်ဗျာ။ အခုက ဝါးထောင်ဘုန်းကြီးကျောင်းနားက ကွမ်းဆိုင်မှာ ကွမ်းဝယ်နေတုန်း ကျနော်တို့ရဲဘော် ၄ ယောက်က ဝင်လုံးပြီး သေနတ်လုခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်မှုမှာပါ၀င်ခဲ့တဲ့ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းက တပ်ဖွဲ့၀င်တဦးက “ကျနော်တို့အဖွဲ့မှာ‌ ဘာလက်နက်ကောင်းတာမှမရှိဘူး။ ထိုင်းထုတ် SIG 380 လေး တလက်ပဲရှိတာ။ အဲ့ဒီသေနတ်လိုချင်လို့ဆီပြီး ရဲဘော်တွေ အရဲစွန့်ပြီးထပ်လုပ်လိုက်ကြတာ။ အရင်ရက်က လုပ်ဖို့သွားတာ ဘေးချင်းယှဥ်နေပြီ။ သူ့ဘက်က အင်အားများတာနဲ့ပဲ မလုပ်ဖြစ်ဘဲရှောင်ခဲ့ရတယ်။ နောက်ရက်သွားချောင်းရင်းနဲ့ သူကွမ်း၀ယ်တဲ့အချိန် ကျနော်တို့ရှိတဲ့ SIG 380 လေးနဲ့ ၂ ချက်ပစ်တော့ သူ့ရဲ့ကျည်ကာအင်္ကျီကိုမတိုးနိုင်ဘူးလေ။ သူကပြန်ပစ်ဖို့လုပ်တော့ နောက် ၃ ချက်ထပ်ပစ်ပြီး ရဲဘော်တွေက၀င်လုံးကြရင်း သူ့သေနတ်နဲ့ ကျည်တွေကို လုယူခဲ့ရတာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား အင်္ဂုလိ သေဆုံးပြီး သူ့ဆီကနေ ၄၀ မမ ထောက်တွဲလောင်ချာနဲ့အတူ ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပေမယ့် PDF ရဲဘော်တွေရဲ့ SIG 380 သေနတ်နဲ့ ဖုန်း ၁ လုံးကျကျန် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013