DVB Logo
Home
မြန်မာသတင်း
မုန်းမြို့နယ်တွင် စစ်တပ်က ပစ်ခတ်နေဖြင့် စပါးဧက သောင်းချီ မစိုက်ပျိုးနိုင်
DVB
·
July 25, 2024
မုန်းမြို့နယ်တွင် စစ်တပ်က ပစ်ခတ်နေဖြင့် စပါးဧက သောင်းချီ မစိုက်ပျိုးနိုင်
Donate to DVB

မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့ညပစ်ခတ်တာကြောင့် မိုးစပါးစိုက်ရာသီမှာ ဧကသောင်းနဲ့ချီ လုပ်ကိုင်ခွင့်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေ၊ မုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ ခမရ ၄၃၉၊ ၃၅၇၊ ၅၉၀ နဲ့ ခမရ ၅၉၉ တပ်ရင်းတပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ နေ့ည နေ့တိုင်းလိုလို ပစ်ခတ်နေတာကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တာ‌တွေကြောင့် နတ်သံကွင်းအုပ်စု၊ နောင်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်း၊ ရေလယ်ကုန်းကြီး၊ ရေလယ်ကုန်းလေး စတဲ့ တပ်ရင်းတပ်စခန်းအနီးက သောင်းနဲ့ချီတဲ့လယ်တွေဟာ စပါးစိုက်ပျိုးခွင့် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ရှောင်ပြည်သူတွေ လောလောဆယ် သွားပြန်လို့မလွယ်ဘူး။ အဲဒီဘက်ခြမ်းတွေက ဒီနှစ်အတိုင်းအတာနဲ့ ဘာမှ သွားပြန်လုပ်လို့မရဘူး။ မလုပ်ဖြစ်တာက စစ်တပ်က လက်ရှိ ပြန်ထိုင်ထားတဲ့အခါကျတော့ အနီးအနားက လယ်တွေက ဘယ်သူမှ ပြန်မလုပ်ရဲကြဘူး။ လယ်တွေပြန်ထွန်တာ လက်နက်နဲ့ပစ်တာတွေ ရှိတယ်။ စပါးကလည်း သူအချိန်နဲ့သူ လုပ်နေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လူအင်အားဖြည့်တင်းပြီး တပ်စခန်းတွေမှာ ပြန်လည်ဝင်ရောက်နေထိုင်တာ၊ ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်တာတွေကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့်တွေ ဆုံးရှုံးခဲ့တာကြောင့် စားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေလည်း အသက်မွေးဝမ်းကျောင်းလုပ်တဲ့ လယ်တွေမထွန်ရ မလုပ်ရတာ အများကြီးရှိတဲ့အတွက်ကြောင့် ဒီဒေသကထွက်တဲ့ ဆန်စပါးတွေ ထွက်သင့်သလောက် မထွက်တဲ့အခါကျတော့ စားဝတ်နေရေးအတွက် အခက်အခဲရှိတယ်။ စပါးမစိုက်ပျိုးရတာကြောင့် အခက်အခဲကတော့ ရှိနေတယ်။”

လက်ရှိမှာလည်း စစ်ရှောင်ပြည်သူတွေဟာ မိုးကာလ နေထိုင်ရေးအပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ပွဲတွေ ကြာမြင့်လာတာနဲ့အတူ မြန်မာနိုင်ငံမှာ စားဝတ်နေရေးနဲ့ပတ်သက်တဲ့ ပြဿနာက အကြီးအကျယ် စိန်ခေါ်မှုတွေ ဖြစ်လာဖို့ရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတဦးက ပြောပါတယ်။

“စစ်မက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေမှာ လယ်ယာစိုက်ပျိုးရေး မလုပ်ကိုင်နိုင်ဘူး။ ပြေးရ လွှားရ ရှောင်ရ ပုန်းရ အခြေအနေတွေရှိတယ်။ လယ်ယာစိုက်ပျိုးရေးကို ဒီနှစ်မိုးတွင်းမှ မလုပ်နိုင်ဘူးဆိုရင် နောက်နှစ်နွေကျရင် စားဝတ်နေရေးက အင်မတန်ခက်ခဲလာမယ်။ ဒီစစ်ပွဲကြီး ကြာလာတာနဲ့အမျှ ပြည်သူလူထုတွေက စားဝတ်နေရေးမှာ ဒုက္ခရောက် ငတ်ပြတ်ဖို့ရှိတယ်။ လာမယ့်နွေရာသီမှာ မြန်မာနိုင်ငံမှာ စားဝတ်နေရေးနဲ့ပတ်သက်တဲ့ ပြဿနာက အကြီးအကျယ် စိမ်ခေါ်မှုတွေ ဖြစ်လာဖို့ရှိတယ်။”

ညောင်လေးပင်ခရိုင်အတွင်း လယ်ဧက ၁၁၀,၀၀၀ ကျော်ရှိပြီး စပါးစိုက်ပျိုးနိုင်တဲ့ဧက ၈၀,၀၀၀ နီးပါးရှိရာ ၂၀၂၂ ခုနှစ်က တိုက်ပွဲတွေကြောင့် မိုးစပါးဧက ၄၀,၀၀၀ နီးပါးပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် မိုးစပါးဧက ၃၀,၀၀၀ လောက်သာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မိုးစပါး မစိုက်ပျိုးနိုင်သူစာရင်းကို နယ်မြေအခြေအနေကြောင့် အတိအကျ မကောက်ယူနိုင်ဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013