DVB Logo
Home
မြန်မာသတင်း
ကလေးလုပ်သားအရေး အသိပညာပေး အွန်လိုင်း အစီအစဉ်သစ် ILO စတင် 
DVB
·
July 25, 2024
ကလေးလုပ်သားအရေး အသိပညာပေး အွန်လိုင်း အစီအစဉ်သစ် ILO စတင် 
Donate to DVB

ကလေးလုပ်သားအရေးနဲ့ ပတ်သက်လို့ အွန်လိုင်းနေက ကိုယ်တိုင်လေ့လာသင်ယူနိုင်မယ့် အသိပညာပေး အစီအစဉ်သစ်တခုကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO Myanmar) က ဇူလိုင် ၂၃ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။

ဒီအစီအစဉ်သစ်ကိုတော့ ကလေးငယ်တွေ၊ လူငယ်တွေနဲ့ မိသားစုတွေနဲ့ သက်ဆိုင်တဲ့ အခွင့်အရေး၊ တာဝန်နဲ့ ကိုယ်စားပြုခြင်းဆိုင်ရာ (3Rs) E-learning programme လို့ အမည်ပေးထားပါတယ်။

လူမှုအသိုက်အဝန်းအတွင်းနဲ့ လုပ်ငန်းခွင်နေရာတွေမှာ ကလေးလုပ်သား ခေါင်းပုံဖြတ်မှုအပေါ် ခုခံနိုင်မှုအားနည်းတဲ့ မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေ၊ လူငယ်တွေနဲ့ မိသားစုတွေ အပါအဝင် ကလေးလုပ်သားရေးရာ ကိစ္စတွေနဲ့ပတ်သက်ပြီး လက်တွေ့ ဆောင်ရွက်နေသူတွေအတွက် ဒီအွန်လိုင်းသင်တန်းကို  အဓိကထား ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် လူမှုတန်းတူညီမျှမှုနဲ့ ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်မယ့် နည်းစနစ်တွေနဲ့ အရင်းအမြစ်တွေကို  ပို့ချပေးသွားဖို့ ဒီသင်တန်းကို ရည်ရွယ် ဖွင့်လှစ်ခဲ့တာလို့လည်း ILO က ဆိုပါတယ်။

သင်တန်းမှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြထားတဲ့ သင်ရိုး မော်ဂျူး ၁၁ ခုပါဝင်ပြီး လေ့လာသူတွေအနေနဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ကာ မော်ဂျူးတွေကို ရွေးချယ် ပေါင်းစပ်နိုင်အောင်လည်း ဖန်တီးပေးထားပါတယ်။

ပြင်ပပညာရှင်များအဖွဲ့ တစ်ဖွဲ့နဲ့ ပူးပေါင်းပြီး ILO Myanmar က ဖော်ဆောင်တဲ့ ဒီအစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ဒီဂျစ်တယ် သင်ကြားရေး ပလက်ဖောင်းဖြစ်တဲ့ https://ecampus.iloyangon.org မှာ ဝင်ရောက် လေ့လာလို့ ရပါတယ်။

နောက်ပြီး အင်တာနက် ကန့်သတ်ချက် အခက်အခဲရှိသူတွေအတွက် ဒေါင်းလုပ်ဆွဲပြီး offline လေ့လာနိုင်အောင်လည်း စီမံထားကာ သင်တန်းပြီးတဲ့အထိ တက်ရောက်သူတွေကို သင်တန်းဆင်းလက်မှတ် ထုတ်ပေးသွားမှာပါ။ 

ILO Myanmar ရဲ့ ဆက်ဆံရေးအရာရှိ ယူတောင်လျူက “ပညာပေးတာကနေတဆင့် လူမှုအသိုက်အဝန်းကို လုပ်ပိုင်ခွင့် အာဏာပေးတာဟာ ကလေးလုပ်သားအရေး သံသရာကို ဖြတ်တောက်ရာမှ အဓိကကျပါတယ်။ ဒီ E-learning အစီအစဉ်မှာ ကလေးလုပ်သားအန္တရာယ်နဲ့ ရင်ဆိုင်နေရသူတွေအတွက် သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ တာဝန်တွေနဲ့ပတ်သက်ပြီး နားလည် သဘောပေါက်စေဖို့ မသိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ အသိပညာဗဟုသုတတွေကို သင်ကြားပေးမှာပါ။ အခုလိုလုပ်ဆောင်ခြင်းအားဖြင့် ကလေးငယ်တိုင်း ခေါင်းပုံဖြတ်ခံရခြင်း ဘေးကနေ ကင်းဝေးတဲ့ အနာဂတ်တခုကို တည်ဆောက်နိုင်ဖို့ ရည်မှန်းထားတယ်”လို့ ပြောပါတယ်။

တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကလေးလုပ်သားအဖြစ် စေခိုင်းခံရတဲ့ ကလေးငယ်အရေအတွက်ဟာ သန်း ၁၆၀ အထိ ထိတ်လန့်စရာ ကောင်းလောက်အောင် မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ အသက်  ၅ နှစ်နဲ့  ၁၇ နှစ်ကြား ကလေးငယ်  ၁၀ ယောက်မှာ တယောက်နှုန်းဟာ ကလေးလုပ်သားအဖြစ် စေခိုင်းခံနေရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေဟာ စက်ရုံ အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေမှာသာမက ကလေးလုပ်သား ခိုင်းစေမှု အဆိုးဝါးဆုံးပုံစံဖြစ်တဲ့ ကလေးစစ်သား အဖြစ်ပါ ခိုင်းစေခံနေရတာဖြစ်ပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးစစ်သားစုဆောင်းမှုတွေကို စစ်ကောင်စီတပ်ကရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကပါ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။  

ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ဟာ မြန်မာနိုင်ငံမှာ ဆက်ဆံရေးရုံးကို  ၂၀၀၂ ခုစ်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး  အဓမ္မ အလုပ်စေခိုင်းခံရမှု ပပျောက်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေနဲ့  အလုပ်သမားရေးရာ မဟာဗျူဟာတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ILO ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013