
ကလေးတွေရဲ့ ဘေးကင်းရေးကို မကာကွယ်နိုင်ခဲ့တဲ့ Meta ကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ ၅၆၇ သန်း ပေးဆောင်ဖို့ အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်တရားရုံးက ဩဂုတ် ၆ ရက်မှာ အမိန့်ချ လိုက်ပါတယ်။
တရားသူကြီး ဘရိုင်ယန် ဘီးဒ်ရှိုက်က Meta ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေဟာ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေပြီး အများပြည်သူအပေါ် ထိခိုက်အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
နယူးမက္ကဆီကိုပြည်နယ်ကတော့ Meta ဟာ လူငယ်တွေ စွဲလမ်းအောင် ပလက်ဖောင်းတွေကို ပုံစံချထားပြီး ကလေးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုကနေ ကာကွယ်ဖို့ ပျက်ကွက် ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒီအမှုရဲ့ ပထမအဆင့်မှာလည်း ဖေ့စ်ဘွတ်ခတ်နဲ့ အင်စတာဂရမ်ရဲ့ ဘေးကင်းရေးအကြောင်း မှားယွင်း ဖော်ပြခဲ့တာကြောင့် Meta ကို အမေရိကန်ဒေါ်လာ ၃၇၅ သန်း ပေးဆောင်ဖို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။
ဒါကြောင့် ဒီအမှုမှာ Meta ပေးဆောင်ရမဲ့ ပမာဏဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၄၂ သန်းအထိ ရှိလာပါတယ်။
တရားရုံးက အသက် ၁၈ နှစ်အောက် လူငယ်တွေအတွက် ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်အသုံးပြုချိန် ကန့်သတ်ဖို့နဲ့ အကြောင်းကြားချက်တွေ ပို့တာကို ထိန်းချုပ်ဖို့လည်း အမိန့်ချထားပါတယ်။
ဒါ့အပြင် အရွယ်ရောက်သူတွေနဲ့ အရွယ်မရောက်သေးသူတွေ ဆက်သွယ်နိုင်မှုကို ပိုတင်းကျပ်ဖို့နဲ့ AI chatbot တွေအတွက် ကလေးဘေးကင်းရေး စည်းမျဉ်းတွေ ထည့်သွင်းဖို့လည်း သတ်မှတ် ထားပါတယ်။
ဒီအစီအမံတွေဟာ ၅ နှစ်ကြာ အသက်ဝင်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၆၇ သန်းထဲက အများစုကို လူငယ်တွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ကုစားရေးအတွက် သုံးစွဲ သွားမှာပါ။
Meta ကတော့ စီရင်ချက်ကို သဘောမတူဘဲ အယူခံဝင်သွားမယ်လို့ ပြောထားပြီး အမေရိကန်ပြည်နယ်အများအပြားမှာလည်း အလားတူ ကလေးဘေးကင်းရေးအမှုတွေ ရင်ဆိုင်နေရ ပါတယ်။
Source:Reuters










