DVB Logo
Home
မြန်မာသတင်း
လားရှိုး ရမခကို သိမ်းပိုက်ဟု ကိုးကန့်သတင်းထုတ်ပြန်၊ ပစ်ခတ်တိုက်ခိုက်မှုများရှိနေဆဲဟု ဒေသခံ ပြော   
DVB
·
July 25, 2024
လားရှိုး ရမခကို သိမ်းပိုက်ဟု ကိုးကန့်သတင်းထုတ်ပြန်၊ ပစ်ခတ်တိုက်ခိုက်မှုများရှိနေဆဲဟု ဒေသခံ ပြော   
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေအစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကိုးကန့်တပ်-MNDAA က  ဇူလိုင် ၂၅ ရက်မှာ သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်ထားပေမဲ့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေကတော့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်းနေဆဲဖြစ်ပြီး  အလုံးစုံမသိမ်းနိုင်သေးဘူးလို့ ပြောပါတယ်။  

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် ဒီနေ့ မနက် ၄ နာရီမှာ သိမ်းပိုက် နိုင်ခဲ့တာဖြစ်ကြောင်း ရှေ့တန်းစစ်ဌာနချုပ်က ကြေညာတာလို့ တရုတ်ဘာသာနဲ့ရေးသားထားတဲ့ “ကိုးကန့်သတင်းကွန်ရက်” ကနေ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်ရေးသတင်းရင်းမြစ်တဦးကတော့ “အလုံးစုံတော့ မဟုတ်သေးဘူး။ ထွက်ပြေးတဲ့ကောင်တွေ ရှိသေးတယ်။ အဲ့တာတွေ လိုက်ရှင်းနေတာ၊ ဒုတိုင်းမှူးကတော့ ဘာမှမဖြစ်ဘူး” လို့ ပြောပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်မှူး မောင်ဆောင်းခကလည်း “လက်ကျန်နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်ပါတယ်”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း “လက်ရှိအချိန်ထိတော့ လားရှိုး ရမခ ကို ရတယ်လို့တော့ အတည်ပြုလို့ မရသေးပါဘူးခင်ဗျ။ လားရှိုး ရမခ ရတယ်ဆိုတာကတော့ ဖြစ်နိုင်ခြေ အတော်နည်းပါတယ်ခင်ဗျ” လို့ သုံးသပ်ပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ MNDAA ပြောခွင့်ရသူ ကိုကျော်နိုင် (ခ) လီကျားဝင်းကို DVB က ဆက်သွယ် မေးမြန်းထားပေမဲ့ ပြန်ဖြေတာမရှိသေးသလို လားရှိုးမြို့တွင်းက ဒေသခံတွေနဲ့လည်း အဆက်အသွယ် မရသေးပါဘူး။

လားရှိုးမြို့နားမှာ စစ်ရှောင်နေတဲ့ မြို့ခံတဦးကတော့  “ရမခ ထဲထိတော့ ဝင်သွားပြီပေါ့ဗျာ။ မြို့ပြင်မှာတော့ လက်နက်ကြီးတွေတော့ ဆက်ပစ်နေတုန်းပဲ။ MNDAA က မသေချာဘဲ မထုတ်ပြန်ပါဘူး။ ကျနော်တို့ သိရသလောက် အတွင်းထဲမှာ လိုက်ရှင်းနေတယ်လို့ပြောတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ရှောင်တွေကို ကူညီနေတဲ့ လားရှိုးမြို့ခံတယောက်ကတော့ ဇူလိုင် ၂၄ ရက် ညမှာ ရပ်ကွက် ၅ အောင်မင်္ဂလာဈေးနဲ့ ဘုံကျောင်းလမ်းကြား၊ ၃၉ လမ်းနားကို လက်နက်ကြီးကျပြီး နေအိမ်တွေ မီးလောင်ခဲ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက် ၄  ရေကန်လမ်းနဲ့ ခိုင်ရွှေဝါလမ်းဘက်၊ ရပ်ကွက် ၁ မြို့နယ်လဝက ရုံးအောက်ဘက် အေးချမ်းသာယာဓမ္မာရုံဘက်မှာလည်း ပစ်ခတ်မှုတွေဖြစ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

လားရှိုး ရမခ ကို ကိုးကန့်တပ်-MNDAA က သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကောင်စီတပ်ရဲ့ တိုင်းစစ်ဌာနချုပ်တခုကို တော်လှန်ရေးအင်အားစုတွေကို ပထမဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်မှုအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013