DVB Logo
Home
ဆောင်းပါး
ရောင်နီသာတဲ့ နေ့ရက်များဆီသို့
DVB
·
July 25, 2024
ရောင်နီသာတဲ့ နေ့ရက်များဆီသို့
Donate to DVB

မှောင်မိုက်ဆုံးမှာ

ဝမ်းသာကြည်နူး

ပိုးစုန်းကြူးတွေ များသောကြောင့်။ ။

စင်ကာပူက လီကွမ်ယုက ပြောတယ်။ “ခပ်ညံ့ညံ့တယောက် ထိပ်တန်းရောက်သွားရင် အဲဒီတိုင်းပြည် အမှောင်ကျပြီသာမှတ်” တဲ့။

ကျမတို့နိုင်ငံမှာ အမှောင်ကျခဲ့ရတဲ့အချိန်တွေက ကြာရှည်ခဲ့ပါတယ်။ နေဝင်းခေတ်မှသည် ဦးသိန်းစိန်ခေတ်အထိ အမှောင်လောကထဲ ရောက်မှန်းမသိ ရောက်နေခဲ့ကြရတဲ့ မြန်မာပြည်သူပြည်သား နင်းပြားတွေဟာ “ငြိမ်ဝပ်ပိပြားရေး” ဆိုတဲ့အတိုင်း လူကြီးရှေ့ရောက်ရင် မှားလည်း ငြိမ်နေရမယ်၊ လူတော်တွေ ရှေ့မထွက်ဘဲ ဝပ်နေရမယ်။ လိမ်တာတောင် ပိပိရိရိ လိမ်စရာမလိုဘူး။ ဗြောင်လိမ်ပြီး ပြောင်အောင်စားတဲ့ အထက်လူကြီးတွေကို ပြားပြားဝပ်ကြောက်ရတဲ့ အမှားတွေကြားထဲမှာ အမှန်တရား ရှာခွင့်မရရှာတဲ့ မြန်မာပြည်သူများရဲ့ ဘဝပါ။

ကျမတို့နိုင်ငံ ဘယ်လောက်ထိ အမှောင်ကျခဲ့ရသလဲဆိုတာ သိသလောက် ရင်ဖွင့်ပြောပြအုံးမယ်ရှင်။ ကျမ သိတတ်စ အရွယ်လောက်ကတည်းက (ခန့်မှန်းခြေ ပြောရမယ်ဆို အသက် ၇ နှစ်အရွယ်လောက်) ရေဒီယိုနားထောင်ရင် ဗွီအိုအေ၊ ဘီဘီစီ လိုင်းတို့ဆို ခိုးပြီး နားထောင်ခဲ့ရတဲ့ သန်း‌ရွှေ ကြီးစိုးခဲ့တဲ့ အချိန်တွေပါ။ ဘာလို့ အဲလိုပြောရသလဲဆို ကျမအဖေက ရေဒီယိုလေး နားကပ်ပြီး အသံကြားရရုံ ဘီဘီစီလိုင်းကို တိုးဖွင့်တာတောင် ဘီဘီစီလိုင်း နားထောင်ပါတယ်ဆိုပြီး ရွာလူကြီးကခေါ်ပြီး သတိပေးခံခဲ့ရလို့ပါပဲ။ နိုင်ငံရေးသတင်းကိုတောင် သိခွင့်မရှိတဲ့ သတင်းအမှောင်ချထားခံရတဲ့ သနားစရာ မြန်မာပြည်သူများရဲ့ ဘဝရယ်ပါ။

နောက်ပြီး‌ ဒီပဲယင်းအရေးအခင်းမှာ အမေစု ဒဏ်ရာရတယ်ကြားတော့ ကျမအဖေက စာသင်ရင်း မျက်ရည်ကျသတဲ့လေ။ အဲဒါကို အဖေ့ကျောင်းက ဆရာ‌ပေါက်စလေးက သိတော့ ဂုဏ်ယူပြီး ရွာထဲ ပြောမိတော့တာပေါ့။ အဲဒီအကြောင်း ရွာလူကြီးက ကြား‌တော့ အဖေ့ကို အမေစုနဲ့ ပတ်သက်ပြီး မျက်ရည်ကျရကောင်းလားဆိုပြီး နောက်တခါ အဲဒီလိုမကြားချင်ဘူး၊ အလုပ်ပြုတ်လိမ့်မယ်၊ နိုင်ငံရေးမလုပ်နဲ့လို့‌ ပြောပြီး ခံဝန်ကတိ ထိုးခိုင်းခဲ့တယ်။ ဘယ်လောက်ဆိုးလဲ စဉ်းစားကြည့်ကြပါတော့၊ ကိုယ့်ခံစားချက်ကိုတောင် တိတ်တခိုး ဖော်ပြခွင့်မရတဲ့ မြန်မာပြည်သူများရဲ့ ဘဝရယ်ပါ။

နောက်ပြီးတော့ ကိုယ့်ဘကြီးကိုတောင် ကန်တော့ရမယ်လို့ မသိတသိ သူငယ်တန်းကလေးတွေက စပြီး သန်းရွှေတို့ ခင်ညွန့်တို့ စာသင်ကျောင်းကို လာရင် “ဘဘကြီး ကျန်းမာပါစေ” ဆိုပြီး လက်အုပ်ချီရတဲ့ အချိန်ကာလတွေပေါ့။ ရင်နင့်စွာနဲ့ ပြောပြရရင် အသက်လုနေရတဲ့ လူနာတယောက် ဆေးရုံကို အလျင်စလို ကားနဲ့အသွား လမ်းမှာ လူကြီးခရီးစဉ်ရှိလို့ ကားရပ်ပေးရတဲ့အတွက် အသက်ဆုံးရှုံးသွားတဲ့လူတွေလည်း ရှိကြရဲ့။ ဒါပေမဲ့ “အဲဒီလူကြီးကြောင့် သေတာ” ဆိုပြီး ဒေါသထွက် အပြစ်တင်ခွင့် မရရှာတဲ့ အမှောင်ထဲက လူသားများစွာဟာ ၂၀၁၂ မှာတော့ ရောင်နီသာတဲ့ နေ့ရက်များကို ပိုင်ဆိုင်စ ပြုလာပါပြီ။

၂၀၁၅ မှာတော့ သမ္မတကိုတောင် မကြိုက်ရင် ပြန်တရားစွဲရဲတဲ့ခေတ်ကို ရောက်လာပြီပေါ့။ ၂၀၂၀ မှာတော့ အရာအားလုံး ပြောင်းလဲဖို့၊ ရောင်နီသာတဲ့နေ့ရက်များစွာကို ပိုင်ဆိုင်ဖို့ တက်ညီလက်ညီ ကြိုးစားနေကြပြီ။ ကြိုးစားသလောက်လည်း အရာထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ သတင်းဆိုးကြီးက ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မင်းအောင်လှိုင်က အာဏာထိန်းသလို ယောင်ဆောင်ပြီး အာဏာသိမ်းသတဲ့လေ။

မင်းအောင်လှိုင် အာဏာသိမ်းကတည်းက မြန်မာနိုင်ငံဟာ အမှောင်ဆုံးကာလတွေကို ဖြတ်ကျော်နေရပါတယ်။ အမှောင်ဆုံးကာလပေမဲ့ အားသာတာတခုက ပိုးစုန်းကြူးလေးတွေ အများကြီး ပေါ်ပေါက်လာတာပါပဲ။ အာဏာရှင်ကို တော်လှန်ရဲလာကြတယ်၊ မတော်လှန်ရဲအောင် ဘယ်လောက်ထိ ရက်စက်ပြနေပေမဲ့ အသက်ကိုတောင် ပဓာနမထားကြတဲ့ လူတွေက ပိုများလာကြပြီ။ “ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမယ်” ဆိုတဲ့ ဘုရင့်နောင်ဖောင်ဖျက်ပြီး တိုက်သလိုမျိုး ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ ပါဝင်နေကြပြီ။ နေမဝင်ဖို့အတွက် ကျည်ဝင်မှာ မကြောက်ဘဲ စစ်အာဏာသိမ်းအဖွဲ့ကို ပြုတ်ကျစေဖို့ တက်ညီလက်ညီ ပါဝင်လာကြတဲ့အတွက် နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုလမ်းစများစွာနဲ့ အားတက်စရာ ဖြစ်လာခဲ့ပါတယ်။ နေဝင်ညတွေကို ကူးဖြတ်ရဲတဲ့ သူရဲကောင်း များစွာတို့ကြောင့် ရောင်နီသာတဲ့ နေ့ရက်များဆီသို့ ရောက်လုပါပြီ။

ဆရာလင်းရောင်စင်‌ရဲ့ “ငှက်တွေရဲ့ အတ္ထုပ္ပတ္တိ” စာအုပ်ထဲက စာသား‌လေးကို သဘောကျလွန်းလို့ မျှဝေပါရစေ။ “ပျံသန်းခဲ့တဲ့ ငှက်‌တွေအတွက် သေဆုံးခြင်းဆိုတာ ရှုံးနိမ့်လိုက်ခြင်းမှ မဟုတ်တာ၊ ပျံသန်းခဲ့ခြင်းကသာ အဓိပ္ပာယ်ရှိတဲ့ သမိုင်းမဟုတ်လား” တဲ့။

အဓိပ္ပာယ်ရှိတဲ့ သမိုင်းကို ရေးနေကြတဲ့ တော်လှန်ရေးမှာ ပါဝင်သူအပေါင်းကို ကျမတို့တတွေ RIP လို့ ကော့မန့်ရေး၊ ဝမ်းနည်းပြနေရုံနဲ့ အဆင်မပြေဘူးလို့ ထင်ပါတယ်ရှင်။ ဒါကြောင့်မို့ ကိုယ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးမှာ တက်ညီလက်ညီနဲ့ ပါဝင်ကူညီကြပါလို့ တိုက်တွန်းပါရစေ။ ဒါမှသာ ရောင်နီသာတဲ့နေ့ရက်တွေမှာ လိပ်ပြာလုံလုံ နောင်တကင်းကင်းနဲ့ နေကြရတော့မှာလေ။ ဘုရင့်နောင် အောင်မြင်ခဲ့သလိုပဲ နွေဦးတော်လှန်ရေးကြီးလည်း အောင်မြင်မှာ အမှန်ပါပဲလို့ ပြောပါရစေရှင့်။

ဖီးနစ်မေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013