
လာမဲ့ရက်ပိုင်းမှာ အီရန်ပဋိပက္ခ အဆုံးသတ်ရေး အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ လက်ခံကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ပါကစ္စတန်က ထုတ်ပြန်ပါတယ်။
ဒေသတွင်းက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဒေသတွင်း စစ်ပွဲ စောစောစီးစီးနဲ့ အပြီးတိုင် အဆုံးသတ်ရေး ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ အစ္စလာမ်မာဘတ်မြို့မှာ အမေရိကန်-အီရန် ဆွေးနွေးဖို့ အလားအလာကို တိုင်ပင်ခဲ့ကြတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါးက ပြောပါတယ်။
ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ အီဂျစ်နိုင်ငံတို့ရဲ့ ကနဦးဆွေးနွေးမှုတွေမှာ ဟော်မုဇ် ရေလက်ကြား ကုန်သွယ်ရေးပြန်ဖွင့်ဖို့ကို အဓိကထား ဆွေးနွေးကြပါတယ်။
စစ်ပွဲက ဒုတိယလထဲ ဝင်ရောက်လာပေမဲ့ အရှိန်လျော့မဲ့ လက္ခဏာ မတွေ့ရပါဘူး။ မတ် ၂၈ ရက်က ၂၉ ရက် ညပိုင်းအထိ အီရန်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၄၀ ကျော် ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
တိုက်ခိုက်မှုတွေကြောင့် တီဟီရန်မြို့က Al-Araby ရုပ်သံဌာန အဆောက်အအုံတခု ထိမှန်ခဲ့တယ်လို့ အီရန်ရဲ့ Mehr သတင်းဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံ ခွန်ဒတ်က Heavy water production စက်ရုံလည်း ပြင်းပြင်းထန်ထန် ပျက်စီးခဲ့ပြီး ဆက်လက်မလည်ပတ်နိုင်တော့ဘူးလို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က မတ် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်နိုင်ငံတဝန်းက မြို့ကြီးတွေမှာ မတ် ၂၈ ရက်က No Kings (ဘုရင်တွေအလိုမရှိ) ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အမေရိကန်သမ္မတဟာ ထွက်ပေါက်မရှိတဲ့ ပဋိပက္ခထဲကို နိုင်ငံကို ပိုပြီး တွန်းပို့နေတယ်လို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ကိုရီဘွတ်ကာက ဝေဖန်ပါတယ်။
Source: Reuters











