DVB Logo
Home
မြန်မာသတင်း
အာဆီယံအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ်တက်ရောက်  
DVB
·
July 25, 2024
အာဆီယံအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ်တက်ရောက်  
Donate to DVB

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုခင်ဟွန်းက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနဲ့အဖွဲ့ကို  ဇူလိုင် ၂၄ ရက်က လာအိုနိုင်ငံ  ဗီယင်ကျန်းမြို့ မှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့ အာဆီယံက သတင်းထုတ်ပြန်ပါတယ်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေရဲ့ ပြင်ပမှာ သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပြီး အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းအားထုတ် မှုတွေနဲ့  ပတ်သက်လို့  ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အသေးစိတ်ကိုတော့ မသိရပါဘူး။

၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကိ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြို့တော် ဗီယင်ကျန်းမှာ ကျင်းပနေတာ ဖြစ်ပြီး အာဆီယံ အတွင်းရေးမှူးချုပ်က သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေကို သီးခြားတွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုတွေနဲ့ ဆက်လက်ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အကြောင်းက ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ထိပ်တန်း ဦးစားပေး ဖြစ်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက ကိုယ်စားလှယ် ၁၀ ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုမှာပါဝင်ဖို့ စီစဉ်ထားပြီး လက်ရှိ ပထဝီနိုင်ငံရေး တိုးတက်မှုတွေ ကြားမှာ အာဆီယံရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ စည်းလုံးညီညွတ်မှုကို ထပ်အတည်ပြုဖို့ စီစဉ်ထားပါတယ်။

အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေး၀န်ကြီးတွေနဲ့ အကြီးတန်းအရာရှိကြီးတွေအပြင် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းသံတမန် တွေလည်း အစည်းအဝေးတက်ရောက်ဖို့ရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာလည်း ဇူလိုင် ၂၅ ရက်ကနေ ၂၇ ရက်အထိ အစည်းအဝေး တက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီကလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်ပြီး ကြာသပတေးနေ့မှာ အစည်းအဝေးတက်မယ်လို့ သံတမန်ရင်းမြစ်တွေကို ကိုးကားပြီး ကျိုဒို သတင်းဌာနက ဖော်ပြပါတယ်။

ဒီအစည်းအဝေးပွဲကို  လာအိုနိုင်ငံ အမျိုးသားညီလာခံဌာနမှာ စတင် ကျင်းပတဲ့ ဇူလိုင် ၂၄ ရက်ကစပြီး မြို့တော် ဗီယင်ကျန်းမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013