
ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းရဲ့လေ့ကျင့်မှုတွေကို ဒရုန်းနဲ့ ထောက်လှမ်းခဲ့တဲ့ ကနေဒါအမျိုသမီးအသင်းနည်းပြ ၂ ဦးဟာ ပြိုင်ပွဲကနေ အိမ်ပြန် လွှတ်ခံခဲ့ရပါတယ်။
ကနေဒါအမျိုးသမီးအသင်း လက်ထောက်နည်းပြနဲ့ ဗီဒီယိုနဲ့လေ့လာသုံးသပ်သူ ၂ ဦးဟာ နယူးဇီလန်အမျိုးသမီးအသင်းရဲ့ လေ့ကျင့်ပုံတွေကို ဒရုန်းနဲ့ ထောက်လှမ်းရယူနေတာကို နယူးဇီလန်အသင်းဝန်ထမ်း တဦးက သတိထားမိပြီး ရဲတပ်ဖွဲ့ဆီတိုင်ကြားခဲ့တာပါ။
သူတို့ ၂ ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ကနေဒါအိုလံပစ်ကော်မတီဘက်က တောင်းပန်စာ ထုတ်ပြန်ခဲ့ရပြီး နည်းပြ ၂ ဦးကိုလည်း အိမ်ပြန် စေလွှတ်ခဲ့တာပါ။
ဒါ့အပြင် ကနေဒါအမျိုးသမီးနည်းပြ ပရိစ်မန်းဟာလည်း ဖြစ်ရပ်အတွက် တောင်းပန်စကားဆိုခဲ့ပြီး နယူးဇီလန်နဲ့ ပွဲကို တာဝန်ယူမှာ မဟုတ်တော့ကြောင်း သတင်းထုတ်ပြန် ခဲ့ပါတယ်။
ကနေဒါအသင်းဟာ လက်ရှိ အိုလံပစ်ချန်ပီယံအသင်းဖြစ်ပြီး အိမ်ရှင်ပြင်သစ်၊ ကိုလံဘီယာ၊ နယူးဇီလန်အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေတာ ဖြစ်ပါတယ်။
Photo-Reuters