DVB Logo
Home
မြန်မာသတင်း
သာယာဝတီထောင်၌ အကျဉ်းထောင်က ရောင်းသည့် အစားအစာများကို မဝယ်ဘဲ သပိတ်မှောက် 
DVB
·
July 24, 2024
သာယာဝတီထောင်၌ အကျဉ်းထောင်က ရောင်းသည့် အစားအစာများကို မဝယ်ဘဲ သပိတ်မှောက် 
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ထမင်းကို ပုံစံနဲ့ ကျွေးတာနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ တိုက်ပိတ်ခံထားရတာတွေကို ဖြေလျှော့ပေးဖို့အတွက် ထောင်က ရောင်းချတဲ့ ကွမ်းယာနဲ့ အစားအသောက်တွေကို နိုင်ငံ‌ရေးအကျဉ်းသားတွေက ဝယ်မစားကြတော့ဘဲ သပိတ်မှောက် တောင်းဆိုနေကြတယ်လို့ ထောင်ဝန်ထမ်းက ပြောပါတယ်။

“အရင်က ထမင်းက လိုချင်သလောက် ရတယ်၊ အခန်းတခန်းကို ၂ ပုံးဆို လောက်တယ်၊ လိုရင်လည်း သွားယူလို့ရတယ်၊ အခုက မရတော့ဘူး။ ပုံစံနဲ့သတ်မှတ်ထားတဲ့အတိုင်းပဲ မလောက်ရင် ထပ်သွားယူလို့ မရတော့ဘူး။ သူတို့ကျတော့ ဈေးတွေလာရောင်းနေတာ ထောင်ထဲမှာ၊ အခုက အထဲမှာ တိုက်ပိတ်ထားတာတွေ များနေပြီ၊ တိုက်ပိတ်တယ်ဆိုရင် ဒီအတိုင်း လာခေါ်သွားတာ မဟုတ်ဘူး စိတ်ကြိုက်ရိုက်ပြီးတော့မှ တိုက်ပိတ်တာ၊ တယောက်ဆိုရင်  တိုက်ထဲမှာ တနေကုန်နာလို့ အော်နေရတာ။ အဲဒါကြောင့် ကျနော်တို့က တိုက်ပိတ်ထားတဲ့သူတွေ ပြန်ပို့ပေးဖို့၊ ထမင်းဝအောင်ကျွေးဖို့ တောင်းဆိုမယ်၊ မရရင် သူတို့ရောင်းတဲ့ မနက်ခင်း အစားအစာ၊ ဟင်းနဲ့ ကွမ်းကို လုံးဝဝယ်မစားဘဲ သပိတ်မှောက်မှာ။ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ကနေ ရှစ်လေးလုံးနေ့အထိ သပိတ်မှောက်မှာ” လို့ အခုရက်ပိုင်း ထောင်က လွတ်လာသူ ရိုးရိုးအကျဉ်းသားတဦးက ပြောပါတယ်။

ထောင်ထဲမှာ ထောင်ဝန်ထမ်းတွေက ကွမ်းယာအပါအဝင် မနက်စာ လက်ဖက်ရည်၊ ဆမူစာ၊ အီကြာကွေး၊ ပဲနံပြား၊ ပဲပလာတာ၊ နေ့လယ်စာအတွက် ကြက်သား၊ ဝက်သား၊ အမဲသား၊ ပဲပြားချက်၊ ငပိချက် စတဲ့ အစားအစာတွေ ရောင်းပြီး စီးပွားရှာနေကြတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။ 

“ကွမ်းယာ တထုပ်ကို ၁၀၀၀၊ အဲ့ဒါကထောင်ပိုင်ရဲ့ သီးခြားစီးပွားရေး။ အဲ့ဒါက အခန်းတခန်းကို  အထုပ် ၂၀  ကုန်အောင်ရောင်းပေးရတယ်၊ အခန်းလူကြီးက တာဝန်ယူပြီးရောင်းပေးရတာ။ အထဲမှာက အဆောင်တွေအများကြီး၊ တိုက်တွေကလည်းအများကြီး။ တနေ့ကို အထုပ် ၁၀၀၀၊ ၁၅၀၀ လောက် ရောင်းရတယ်။ ကွမ်းတင် တနေ့ကို ၁၅ သိန်းကျော်ဖိုးလောက် ရောင်းရတာ။ တခြားဟာတွေနဲ့ဆိုရင် တနေ့ကို သိန်းရာချီပြီး ဝင်ငွေရှိတယ်။ အဲ့ဒီကွမ်းယာ ပေးရတာကလည်း ထောင်ထဲက အကျဉ်းသားတွေပဲ လုပ်ပေးရတာ၊ အဲ့ဒါတွေကို အခုမဝယ်ကြတော့ဘူး၊ သပိတ်မှောက်မယ်၊ သူတို့ စီးပွားရေး ထိခိုက်လာရင် သူတို့သိလိမ့်မယ်။” 

ထောင်တွေမှာ စစ်ကောင်စီက ဆေးလိပ် နဲ့ ကွမ်း ကင်းမဲ့ဇုန်သတ်မှတ်ထားတာကြောင့် ထောင်ဝင်စာမှာ ဆေးလိပ်နဲ့ ကွမ်းယာကို လုံးဝသွင်းခွင့်မပေးပေမဲ့ ဝန်ထမ်းတွေကိုယ်တိုင်က ကွမ်းယာရောင်းပြီး စီးပွားရှာကြတာလို့ ဆိုပါတယ်။

သာယာဝတီထောင်‌မှာလည်း အစားအသောက်တမျိုးကို ၂၅ ကျပ်သားစီ နဲ့ ၇ မျိုးအထိသာ ပေးခွင့်ပြုထားပြီး ငွေကိုတော့ ၁၀၀ သွင်းတိုင်း ထောင်က ၂၀ ရာခိုင်နှုန်းယူပြီး ကြိုက်သလောက် သွင်းခွင့်ပြုထားတယ်လို့ နိုင်ငံရေးအကျဉ်းသားမိခင်တယောက်က ပြောပါတယ်။

အကျဉ်းထောင်က ရောင်းတဲ့ အစားအစာ မဝယ်ဘဲ သပိတ်မှောက်တာကို ဇူလိုင် ၁၉ ရက်ကနေ ရှစ်လေးလုံးနေ့အထိ ပြုလုပ်သွားဖို့စီစဥ်ထားပြီး၊ ရိုးရိုးအကျဉ်းသားတွေလည်း ပါဝင်နိုင်ဖို့အတွက် လိုက်လံစည်းရုံးနေတယ်လို့ သိရပါတယ်။

သာယာဝတီထောင်မှာ အကျဉ်းသား ထောင်နဲ့ချီရှိပြီး အခု ၂ လအတွင်းမှာပဲ အင်းစိန်ထောင်နဲ့ ကျိုက်မရော ထောင်တွေကနေ ထောင်ပြောင်းလာသူ ၁၀၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

မင်းညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013