DVB Logo
Home
မြန်မာသတင်း
မြန်မာ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် မလေးရှားဒုဝန်ကြီးဟောင်း ပါဝင်ပတ်သက်နေ
DVB
·
July 24, 2024
မြန်မာ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် မလေးရှားဒုဝန်ကြီးဟောင်း ပါဝင်ပတ်သက်နေ
Donate to DVB

မြန်မာနိုင်ငံက ကျားဖြန့်အွန်လိုင်းလိမ်လည်မှုတွေမှာ မလေးရှား ဒုဝန်ကြီးဟောင်း အပါအဝင် မလေးရှားနိုင်ငံသားတွေ ပါဝင်ပတ်သက်နေမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးဖို့ Justice For Myanmar အဖွဲ့က  ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံ ဒု၀န်ကြီးဟောင်း မာရှီတာအီဘရာဟင်မ်၊ သူရဲ့ ခင်ပွန်းဖြစ်သူ အဗဒူလ်ရှာကော်ဘင်အဘူဘာကာနဲ့ 14K ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ဟောင်း ဝန်ကွတ်ကွိုင် (သွားကျိုးလို့လည်း လူသိများသူ)တို့ဟာ မြန်မာနိုင်ငံက ဆိုက်ဘာငွေလိမ်လုပ်ငန်း Dongmei Park နဲ့ စီးပွားဖက်တွေ ဖြစ်ကြပြီး သူတို့ရဲ့ ရာဇဝတ်မှုဆိုင်ရာ ဆက်နွှယ်ပတ်သက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုကို ခံရမယ့်အစား မလေးရှားထိပ်ပိုင်း နိုင်ငံရေးသမားတွေ၊ ရဲအရာရှိတွေနဲ့ ဆက်လက် ဆက်သွယ် ဝင်ဆံ့နေနိုင်ဆဲ ဖြစ်တယ်လို့  Justice For Myanmar ကဆိုပါတယ်။

Dongmei Park ကိုတော့ မာရှီတာအီဘရာဟင်မ် တို့လင်မယားနဲ့ တခြား မလေးရှား စီးပွားရေးသမားတွေနဲ့အတူ ဝန်ကွတ်ကွိုင်က တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အဗဒူလ်ရှာကော်က ဒါရိုက်တာအဖြစ် ပါဝင်တဲ့ ဟောင်ကောင်မှတ်ပုံတင် ကုမ္ပဏီ Dongmei Group ဟာ မလေးရှားနိုင်ငံမှာ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံက ဆိုက်ဘာငွေလိမ်ခြံ လုပ်ငန်းကြီးအတွက် မလေးရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေဆီက ဘဏ္ဍာငွေတွေ ရှာဖွေပေးခဲ့သလို အဆိုပါကုမ္ပဏီကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတာ ဖြစ်တယ်လို့ Justice For Myanmar အဖွဲ့က ပြောပါတယ်။

မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ Deduktif အစီရင်ခံစာမှာတော့ Mashitah Ibrahim နဲ့ အဗဒူလ်ရှာကော်တို့ မိသားစုနဲ့ မြန်မာသူဌေးကြီးတွေအကြား ခရစ်တိုငွေကြေးပေးချေမှု ဆက်နွှယ်မှုတွေကို ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ISP Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013