DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် ပတ်စ်ပို့ နှင့် နိုင်ငံသားကူးပြောင်းနိုင်ကြောင်း တရုတ်စာ ကြော်ငြာ အရေးယူခံရ 
DVB
·
July 24, 2024
ဘန်ကောက်တွင် ပတ်စ်ပို့ နှင့် နိုင်ငံသားကူးပြောင်းနိုင်ကြောင်း တရုတ်စာ ကြော်ငြာ အရေးယူခံရ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ‌‌ဟွေ့ခဝမ်နယ်မြေ လမ်းဆုံမီးပွိုင့်အနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၄ နိုင်ငံ ပတ်စ်ပို့နဲ့ နိုင်ငံသားကူးပြောင်းနိုင်ကြောင်း တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ ကြော်ငြာဆိုင်းဘုတ်တခုကို လမ်းသွားလမ်းလာတွေက သတိပြုမိပြီး  လူမှုကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ကြပါတယ်။

သတင်းဌာနက ဘာသာပြန်ဆိုရာမှာ အဆိုပါကြော်ငြာမှာ ပတ်စ်ပို့နဲ့ နိုင်ငံသားကူးပြောင်းမှုကို ဝန်ဆောင်မှုပေးနိုင်ကြောင်း၊ ဝန်ဆောင်ခမှာ တရုတ်ယွမ်ငွေနဲ့ ပေးချေရမှာဖြစ်ပြီး အင်ဒိုနီးရှား ပတ်စပို့  ၃၀,၀၀၀ ယွမ် ၊  Vanuatu ၇၀၀၀၀ ယွမ်၊ ကမ္ဘောဒီးယား ၁၀၀, ၀၀၀ ယွမ်၊ တူရကီ ၁၅၀,၀၀၀ ယွမ် ကျသင့်ကြောင်း ‌ရေးထားတယ်လို့ ဆိုပါတယ်။ 

ရက်ပေါင်း ၃၀ အတွင်း တရားဝင်အထောက်အထားရအောင် ဆောင်ရွက်ပေးမယ်၊ စစ်မှန်ကြောင်း ရာနှုန်းပြည့် အာမခံတယ်၊ လုံခြုံတယ်၊  ကြားထဲက ဝန်ဆောင်ပေးမယ့် နိုင်ငံအသီးသီးမှ ဝန်ထမ်း(ပွဲစား) အဖြစ်လည်း လျှောက်ထားနိုင်တယ်ဆိုပြီး ဆက်သွယ်ရမယ့် LINE , Wechat , telegram  စတဲ့ လူမှုကွန်ရက်လိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေလည်း ရေးထားပါတယ်။ 

ဆိုင်းဘုတ်ထဲပါတဲ့ လူပုဂ္ဂိုလ်မှာ လူဝင်မှုကြီးကြပ်ရေးဥက္ကဋ္ဌ ချိန်တာ့ဘလို့လည်း ဖော်ပြပါတယ်။  ဒါပေမဲ့ ထိုင်းစာ/အင်္ဂလိပ်စာ တလုံးမှမပါ၊ ထိုင်းနိုင်ငံနဲ့ ပတ်သက်တာ ဘာမှလည်းမရှိဘဲ ဘန်ကောက်မြို့လယ် လူစည်ကားရာနေရာမှာ ဗွီနိုင်းပိုစတာကြီးကြီးနဲ့ လာကပ်ထားတာကြောင့် ဝေဖန်မှုတွေ မြင့်မားနေတာလည်း ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့တော် စီမံရေးဌာနမှူး နိုင်းဖိုင်းထွန်း ငမ်းမုဒ်နဲ့ တာဝန်ရှိသူတွက  ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က သွားရောက်စစ်ဆေးရာမှာတော့ ဆိုင်းဘုတ်ကြီးကို ပြန်ဖြုတ်သွားပြီလို့ ဆိုပါတယ်။ ဆိုင်းဘုတ်ပါ ဖုန်းနံပါတ်နဲ့  လူမှုကွန်ရက်လိပ်စာတွေလည်း ဆက်သွယ်မရတော့ပါဘူး။ 

ကြော်ငြာအကပ်ခံတဲ့ တိုက်ခန်းပိုင်ရှင်ကို တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးရာမှာ- ကြော်ငြာနေရာ ငှားရမ်းလိုသူမှာ စင်ကာပူနိုင်ငံက ဖြစ်ကြောင်း၊ ကိုယ်စားလှယ်အမျိုးသမီးတယောက်က လာရောက်ဆက်သွယ်တယ်၊ ပြည်ဝင်ခွင့်ဗီဇာနဲ့ပတ်သက်တဲ့ ကြော်ငြာလို့ ဆိုတာကြောင့် ဘာမှပြဿနာမဖြစ်လောက်ဘူးဆိုပြီး ခွင့်ပြုခဲ့တယ်၊ သတင်းထဲမှာပါလာပြီး ဝေဖန်မှုတွေ တွေ့တာကြောင့် ပြန်ဖြုတ်ခိုင်းလိုက်ပြီ၊ နိုင်ငံခြားဘာသာကို သေချာမစစ်ဆေးဘဲ ပေါ့ဆမိလို့ အားလုံးကို တောင်းပန်ကြောင်း ပြောပါတယ်။ 

တာဝန်ရှိသူတွေကတော့ သူမကို အခွန်ဥပ‌ဒေ၊ လုံခြုံရေးဥပဒေနဲ့ အရေးယူပြီး ဘတ် ၅၀၀၀ ဒဏ်ငွေတပ်လိုက်တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

ကြော်ငြာဖို့ လာရောက်ဆက်သွယ်သူမှာ တရုတ်အမျိုးသမီးတဦးဖြစ်ပြီး သူမကလည်း ဝန်ဆောင်မှုလုပ်ငန်းအကြောင်း အသေးစိတ်မသိရကြောင်း၊ ဟောင်ကောင်ရှိ လူတဦးက ထိုင်းမှာ ကြော်ငြာလိုကြောင်း ဆက်သွယ်လာလို့  လုပ်ပေးလိုက်တာ ဖြစ်တယ်၊ သူမအနေနဲ့ ဝန်ဆောင်ခ ဒေါ်လာ ၅၀၀၊ ကြော်ငြာပြန်ဖြုတ်ခ ဒေါ်လာ ၅၀ ရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမကို ထိုင်းနိုင်ငံမှာ အလုပ်သမားကတ်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှု (တရားမဝင် အလုပ်သမား) အဖြစ်နဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်ဆိုသူကိုတော့ စုံစမ်းရှာဖွေဆဲဖြစ်ကြောင်း၊ အခုလို နိုင်ငံပိုင်ရှင် ဘာသာအသုံးမပြုဘဲ ကြော်ငြာတာ၊ ထိုင်းနိုင်ငံနဲ့ ဘာမှပတ်သက်မှုမရှိဘဲ လူမြင်ကွင်းမှာ အထင်ကရ ကြော်ငြာတာတွေဟာ အမျိုးသားလုံခြုံရေးဥပ‌ဒေ၊ စည်ပင်သာယာဥပ‌ဒေတွေနဲ့ ငြိစွန်းတယ်လို့  တာဝန်ရှိသူက ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ကလည်း လိုအပ်သလို စုံစမ်း စစ်ဆေးပြီး ထိရောက်စွာအရေးယူဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါကြော်ငြာကိစ္စ သတင်းမှာ ကျယ်ပြန့်သွားတဲ့နောက် ပရာကျင်းပူရီခရိုင် စက်မှုဇုန်က တရုတ် ကုမ္ပဏီပိုင်စက်ရုံတွေမှာ ၄ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အလိုရှိက ဆက်သွယ်နိုင်တယ်လို့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ ကြော်ငြာတွေလည်း ပြန်ဖြုတ်သွားကြပြီလို့ ထိုင်းရတ် တီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား -  ThaiPBS / Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013