DVB Logo
Home
မြန်မာသတင်း
သိမ်ဇရပ်ရဲစခန်းနှင့် စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၁၇ဦး ဒဏ်ရာရ
DVB
·
July 23, 2024
သိမ်ဇရပ်ရဲစခန်းနှင့် စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၁၇ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်း၊ ကာကင်းဂိတ်စခန်းနဲ့ စစ်ကောင်စီစစ်ကြောင်း အထိုင်ချနေတဲ့နေရာတွေ ၃ ရက်ဆက် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဝေါပကဖအဖွဲ့ကနေ သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ ‌သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီး စစ်ကောင်စီအင်အား ၁၅ ဦးလောက်ရှိတဲ့ ကုက္ကိုလ်ပင် ကာကင်းဂိတ်စခန်းကို ဇူလိုင် ၂၃ ရက် မနက် ၆ နာရီခွဲက တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းကိုလည်း ဇူလိုင် ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက တော်လှန်ရေး ပူးပေါင်းတပ်တွေက ၄၀ မမနဲ့ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၂ ဦး သေဆုံးပြီး စခန်းမှူး အပါအဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဝေါပကဖ တာဝန်ရှိသူတဦးက “သိမ်ဇရပ်နယ်မြေရဲစခန်းကိုက ၂၂ ရက် နေ့လယ်မှာ သွားတိုက်တာ၊ စခန်မှူးအပါ ၁၀ ဦးလောက် ဒဏ်ရာအပြင်းအထန်ရတယ်။ ၂ ဦးကတော့ သေသွားတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ပြန်ပစ်တာ ဒေသခံတဦးသေပြီး ၂ ဦး ဒဏ်ရာရတယ်။ ဒီနေ့မှာတော့ တပ်ဘေးကရှိတဲ့ ကာကင်းကို သွားတိုက်တာ မျှော်စင်‌ကင်းဘန်ကာက စက်လတ်သမားကို မရှင်းနိုင်တော့ ရှေ့တိုးဖို့ခက်ပြီး ပြန်ဆုတ်လာခဲ့ရတယ်။ စစ်တပ်ဘက်က ၇ ဦး ဒဏ်ရာရပြီး ကျနော်တို့ဘက်က ထိခိုက်မှုမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

သိမ်ဇရပ်ရဲစခန်းနဲ့ ကုက္ကိုလ်ပင် ကာကင်းဂိတ်စခန်းတို့ တိုက်ခိုက်ခံရပြီး KNU တပ်မဟာ ၁ တပ်ရင်း ၃ ဘက်က စစ်ကြောင်းဟာ မိုးဘောရွာဟောင်းက‌တဆင့် သိမ်ဇရပ်ဘက်ကို ပြန်လှည့်သွား‌ခဲ့ပါတယ်။

တိုက်ခိုက်မှုကို KNLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ဝေါပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာပြီး ကျိုက်ထိုမြို့နယ်၊ ဝါးပိုးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၂၁ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၂ လုံး‌ချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု ရှိခဲ့ပေမဲ့ အတိအကျ မသိရဘူးလို့ တော်လှန်ရေးတပ်ဖွဲ့‌ဝင်တဦးက ပြောပါတယ်။

KNU တပ်မဟာ ၁ တပ်ရင်း ၃ ကျိုက်ထိုမြို့နယ်အတွင်းကို အမတ ၃၁၀၊ ခမရ ၂၀၇၊ ကျိုက်ထီးရိုးပေါ်ရှိ အမြောက်တပ်တွေရဲ့ လက်နက်ကြီးပစ်ကူတွေနဲ့အတူ စစ်သင်တန်း အပတ်စဉ် ၁ သင်တန်းသားတွေ အပါအဝင် စစ်ကောင်စီအင်အား ၃၀၀ လောက်က ဇူလိုင်လအစကစပြီး စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013