
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ အခြေစိုက်ထားတဲ့ စစ်အာဏာရှင်တပ်ရဲ့ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းထဲကို နိုဝင်ဘာ ၂ ရက်မှာပဲ အင်အားဖြည့်တင်းလာတယ်လို့ စစ်ရေး သတင်းရင်းမြစ်ကနေ သိရပါတယ်။
တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတရင်းဖြစ်တဲ့ ခမရ ၂၀၇ ထဲကို တပ်မ ၂၂ က အင်အား ၃၀၀ ကျော် အင်အားဖြည့်တင်းလာတာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း နယ်စပ်တွေကို စစ်ကြောင်း ထိုးလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းအရင်းအမြစ်က “စစ်ကြောင်းထိုးမဲ့သဘော ရှိတယ်။ စစ်တပ်ဘက်က အင်အား အများကြီး ရောက်နေတယ် ခမရ ၂၀၇ တပ်ထဲကို။ တပ်မ ၂၂ ကတပ်တွေ” လို့ DVB ကို ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကျိုက်ထိုမြို့နယ်ထဲ မြေပြင်မှာ တိုက်ပွဲတွေဖြစ်ပွားတာ မရှိပေမဲ့လည်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေကို အသုံးပြု တိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
KNU ဗဟိုရဲ့ အောက်တိုဘာလကုန်ပိုင်း ထုတ်ပြန်ချက်တွေအရ တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်အတွင်း အရပ်သား ကျေးရွာတွေကို စစ်တပ်ဘက်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ စိပ်လာနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၉ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်မ ၄၄ အခြေစိုက်စခန်း တွေနဲ့ လေကြောင်းကတဆင့် ဒရုန်းဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်မှာ အရပ်သား ၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၁ ယောက်ခန့် ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်တပ်ဟာ ကျိုက်ထိုမြို့နယ်ထဲက ငှက်ပျောတောရွာ၊ ကျောက်ဖျာအောက်ရွာ၊ အလူးရွာ၊ ဇီးကုန်းရွာ၊ ပတိမ်တောင်ရွာနဲ့ မိုးဘောနတ်စင်ရွာတွေကို တိုက်ခိုက်တာပါ။
စစ်ရေးမတည်ငြိမ်မှုတွေကြောင့် စက်တင်ဘာလကနေစလို့ အောက်တိုဘာလကုန်အထိ ကျိုက်ထို မြို့နယ်ထဲက ကျေးရွာအုပ်စု အများစုမှာ ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားရဆဲ ဖြစ်ပါတယ်။
တိုက်ပွဲမရှိဘဲ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းဗုံးတွေ ကျနေတာကြောင့် ဒေသခံထောင်နဲ့ချီပြီး ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရလို့ ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေပါတယ်။











