
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ထဲ ဇွန်လထဲမှာ အာဏာရှင်စစ်တပ်က အရပ်သားလူငယ် ၄၀ ဝန်းကျင်ကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံသူမိသားစုဝင်တွေနဲ့ ဒေသခံ တွေဆီက သိရပါတယ်။
သိမ်ဇရပ်မြို့က ရပ်ကွက် ၇၊ ရပ်ကွက် ၆၊ ဝါးဒတ်ကွင်းရွာ၊ သုံးခွရွာတွေက အရပ်သားလူငယ်တွေကို ဖမ်းဆီးနေတာဖြစ်ပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးခံနေရတဲ့အတွက် လူငယ်တွေဟာ အလုပ်ထွက် မလုပ်နိုင် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “သိမ်ဇရပ်မြို့တဝိုက်မှာ အတင်းစစ်သားစုဆောင်းတာတွေ လုပ်နေလို့ ပြည်သူ တွေ အလုပ်တောင် ထွက်မလုပ်ရဲကြဘူး ဖြစ်နေတယ်။ ဖမ်းမိတဲ့သူတွေကိုလည်း သိန်း ၁၅၀ နဲ့ ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်တဲ့သူတွေကို စစ်မှုထမ်းသင်တန်း ပို့တယ်။ ဒီဇွန်လထဲပဲ ဖမ်းနေတာ။ စစ်မှုထမ်း အယောက် ၁၀၀ ပြည့်မီရေးအတွက်ဆိုပြီး လမ်းဆုံလမ်းခွတွေမှာ ဆိုင်ကယ် စစ်သလိုလို တွေနဲ့ အကုန်ဖမ်းနေတာ။ နောက် သိမ်ဇရပ်မြို့အထွက် ရာဘာခြံတွေ၊ စိုက်ခင်းသွားတဲ့ အလုပ်သမားတွေကို ဖမ်းနေတာ။ လူငယ်တွေဆိုရင် အိမ်အပြင် မထွက်ရဲကြတော့ဘူး။ အကုန်လုံး က ရှောင်တဲ့လူနဲ့ ပုန်းတဲ့လူနဲ့ဖြစ်နေကြတာ။”လို့ DVB ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်ကနေ ၂၀ ရက်အတွင်း သိမ်ဇရပ်မြို့ နဲ့ မုပလင်ကျေးရွာတွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်းရှိ လူငယ်အနည်းဆုံး ၂၀ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၃ ကနေ ၁၉ ရက်အထိ သိမ်ဇရပ်မြို့နဲ့ မုပ္ပလင်ကျေးရွာတွေမှာ အသက် ၂၀ ကနေ ၃၀ ကြား လူငယ် ၂၅ ယောက်ထက်မနည်း စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီး ရွှေတွင်းလုပ်သား တွေနဲ့ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူတွေ အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို ကျိုက်ထိုအခြေစိုက် အမှတ် ၄၄ တပ်မဌာနချုပ်နဲ့ ကျိုက်ထို မြို့မရဲစခန်းတွေမှာ ထိန်းသိမ်းထားပြီး ငွေကြေးတတ်နိုင်သူတွေကို ငွေနဲ့ ပြန်ရွေးခိုင်းနေတာ ဖြစ်ပါတယ်။










