DVB Logo
Home
မြန်မာသတင်း
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကြိုးပေးသတ်ဖြတ်ခံရမှု ၂ နှစ်ပြည့် ကမ်ပိန်းပြုလုပ်
DVB
·
July 23, 2024
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကြိုးပေးသတ်ဖြတ်ခံရမှု ၂ နှစ်ပြည့် ကမ်ပိန်းပြုလုပ်
1 / 4
Donate to DVB

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ နိုင်ငံရေးလှုပ်ရှားသူ  ကိုလှအောင်၊ ကိုအောင်သူရဇော်တို့ စစ်ကောင်စီက ဖမ်းဆီး ကြိုးပေးသတ်ဖြတ်ခံရတဲ့ ၂ နှစ်ပြည့်နေ့ကို ပြည်သူတွေ မေ့မသွားစေဖို့ ရည်ရွယ်ပြီး  နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်က “ကျနော်တို့ ကိုယ်တိုင်လည်း သူတို့ကြိုးပေးသတ်ဖြတ်ခံရချိန်မှာ နိုင်ငံရေးအကျဥ်းသားအနေနဲ့ ရှိနေတယ်။ သေဒဏ်ကျတဲ့သူတွေကို လိမ္မော်ရောင်ဝတ်စုံတွေလဲခိုင်းတာကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတာ ဖြစ်တယ်။ ဒီလိုနေ့တွေက လုံးဝမေ့လို့မရတဲ့နေ့တွေ ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း ဒီကိစ္စကို မေ့ပျောက်သွားဖို့မသင့်တဲ့ နေ့တရက်ဖြစ်တယ်။ ဒါကြောင့် ကြိုးပေးခံရတဲ့ ၄ ဦးအပြင် တခြား ကြိုးပေးသတ်ဖြတ်ခံရသူတွေ၊ မတရားသတ်ဖြတ်ခံရသူတွေ၊ အကျဥ်းထောင်ပြင်ပမှာ လည်း စစ်တပ်နဲ့ ရဲရဲ့ မတရား သတ်ဖြတ်ခြင်းကို ခံရသူတွေအားလုံးကို ရည်ရွယ်ပြီးလုပ်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက လူငယ်တွေကလည်း “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး”လို့ ရေးထားတဲ့  စာတန်းကို ဒီနေ့မနက်  ရန်ကုန်မြို့လယ်မှာ ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့နဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ဇူလိုင် ၂၃ ရက် မနက် ၃ နာရီမှာ ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်ပြီး ကိုလှမျိုးနဲ့  ကိုအောင်သူရဇော်တို့ကိုတော့ ဇူလိုင်  ၂၄ ရက်မှာ  ကြိုးပေးလိုက်တာပါ။

အဲ့ဒိအချိန်တုန်းက ထောင်ထဲမှာရှိနေခဲ့ပြီး နောက်ပိုင်းမှာ အင်းစိန်ထောင်ကလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား တဦးက “အဲ့ဒိနေ့ညက မိုးတွေကရွာနေတာ။ တညလုံး ကားတွေက ဝင်လိုက်ထွက်လိုက်နဲ့ နောက် ဝန်ထမ်းတွေကိုလည်း  Stand by   စွဲထားတာ သုံးလေး ရက်ရှိပြီ။ ပုံမှန်ဆိုရင် အခုလိုလုပ်တာက လူကြီးတယောက်ယောက်လာတာတို့၊ ထောင်ထဲမှာ ဆူပူတာတို့၊ ဆန္ဒပြတာတို့ လုပ်မယ်လို့ သတင်းရရင်သာ၊ ဒါမှမဟုတ်လို့ရှိရင် လွတ်ငြိမ်းချမ်းသာတို့ ဘာတို့လာမှာမလို့သာ ဝန်ထမ်းတွေကို ပေးမထွက်တော့ဘဲ Stand by စွဲထားတာ၊ ဘာမှန်းတော့မသိဘူး။ ဒါပေမဲ့  မနက်စောစောပိုင်း ထောင်ဖွင့်ဖွင့်ခြင်းမှာပဲ ဝန်ထမ်းတယောက်က အရင်လာပြောတာ။ အဲဒိမှာ စသိတာ၊ နောက် အဲ့ဒိနေ့မှာပဲ ကျနော်လည်း ကျောက်ကပ်ရောင်လို့ ထောင်ဆေးရုံသွားတော့ လိုက်ပို့တဲ့ ဝန်ထမ်းကပြောပြတော့မှ သေချာသွားပြီလို့ ထင်လိုက်တာ။”

ကိုဂျင်မီတို့ မိသားစု၀င်တွေကတော့ ဒီနေ့အထိ ထောင်အာဏာပိုင်တွေက တရား၀င် အကြောင်းကြားတာမရှိသေးသလို သူတို့ကိုယ်တိုင်ကလည်း ကိုဂျင်မီ သေဆုံးသွားတာကို ဒီနေ့အထိ အတည်မပြုဘူးလို့  မိသာစုဝင်တဦးက ပြောပါတယ်။

ကိုဂျင်မီယောက်ဖ ကိုဇော်ဇော်အောင်က “ကိုဂျင်မီ ညီမပေါ့ အဲ့ဒိနေ့မတိုင်မီ ၃-၄ ရက် လောက်မှာ သူတို့ကလာခေါ်လို့သွားတွေ့တယ်။ အင်းစိန်ထောင် ထောင်ပိုင်ရုံးခန်းမှာ ဗွီဒီယိုကောနဲ့ပေါ့၊ နောက် တနင်္လာ၊ အင်္ဂါလောက်မှာ သတင်းကြားလို့ သွားမေးမြန်းကြတာ။ ကိုဇေယျာသော့် အမေလည်းပါတယ်။ သူတို့ဘက်ဘာမှ ပြန်မဖြေဘူး။ အတည်ပြုချက်လည်း မပေးဘူး။ ဒါကြောင့်မလို့ မိသားစုဝင်တွေ အနေနဲ့လည်း အတည်ပြု မထားဘူးပေါ့နော်။ အဲ့ဒါကြောင့်မလို့ ကျနော်ကတော့ အဲလိုပဲ မိသားစုအနေနဲ့ သတ်မှတ်ထားတဲ့အတိုင်း အတည်ပြုချက်မယူထားဘူး သူတို့ဘက်ကလည်း မသေချာဘူးပေါ့နော်”လို့ ပြောပါတယ်။

စစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုဖြေကြားပေးခဲ့ပေမဲ့ သူတို့ရဲ့ အလောင်းတွေဘယ်မှာ မြှုပ်နှံသင်္ဂြိုဟ်တာ မီးသင်္ဂြိုဟ်တာ စတာတွေကို ဒီနေ့အထိ မိသားစုဝင် တွေ အကြောင်းကြားအသိ ပေးတာမရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ ဆေးဝါးမလုံလောက်မှုတွေနဲ့ ဖိနှိပ်မှုပေါင်းများစွာကို ကျူးလွန်နေကြပြီး အသက်ဆုံးရှုံးခဲ့ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်က “ဒီပွဲကလည်း တရားတဲ့သူတွေ နိုင်မယ့်ပွဲဖြစ်တယ်၊ ဒီကြိုးတွေကိုမြင်တိုင်း ကြိုးပေးခံရတဲ့ သူတွေကို သတိရ စေချင်တယ်။ ထောင်တွင်းအကြမ်းဖက်ခံရမှုတွေ ရှိတာကို သိစေချင်ပါတယ်”လို့ပြောပါတယ်။

ခုလက်ရှိအချိန်မှာ အကျဥ်းထောင်အသီးသီးမှာ သေဒဏ်ချမှတ်ခြင်းခံရသူ ၁၆၈ ဦးအထိ ရှိနေပြီး အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀,၇၀၀ ကျော်ထိ ရှိနေတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013