DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံရေး မမေ့လျော့ကြရန် တိုက်တွန်း
သုတချမ်းသာ
·
August 24, 2026
၂၀၂၅ စက်တင်ဘာ၊ နယူး​ယောက်မြို့၊ သံအမတ်ကြီးဦးကျော်မိုးထွန်းကမ်ပိန်း။ (Photo: သုတချမ်းသာ)
၂၀၂၅ စက်တင်ဘာ၊ နယူး​ယောက်မြို့၊ သံအမတ်ကြီးဦးကျော်မိုးထွန်းကမ်ပိန်း။ (Photo: သုတချမ်းသာ)
Donate to DVB

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်အစိုးရက ဆက်လက်ထောက်ခံရေးအချက် ပါဝင်တဲ့ အောက်လွှတ်တော်ရဲ့ တိုက်တွန်းစာကို မမေ့လျော့ဖို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ဆက်တိုက် သတိပေးနေပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို အသိအမှတ်မပြုရေး၊ သံတမန်ရေးရာ အထီးကျန်အောင် ဆောင်ရွက်ရေး၊ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြု ထောက်ခံရေးတို့ကို အမေရိကန်အစိုးရက ဆောင်ရွက်ဖို့ တိုက်တွန်းချက်တွေ ပါဝင်တဲ့စာကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက မတ် ၂၆ ရက်တုန်းက နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဆီကို ပေးပို့ခဲ့တာပါ။

အောက်လွှတ်တော် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ ပူးပေါင်းပေးပို့ခဲ့တဲ့စာကို အစိုးရဘက်က မမေ့လျော့ဖို့ သတိပေးတဲ့ လှုပ်ရှားမှုတွေကို အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေက ဆက်တိုက်ဆောင်ရွက်နေပါတယ်။

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးငြိမ်းသစ်က “ပါတီနှစ်ရပ် ပူးပေါင်းပြီးတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင် လမ်းညွှန်တိုက်တွန်းထားတဲ့ အချက်တွေထဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်အစိုးရအနေနဲ့ ခိုင်မြဲစွာ ဆက်လက် ထောက်ခံပေးရန် ဆိုတဲ့အချက်ဟာ ကျနော်တို့ မြန်မာပြည်သူတွေအတွက် အရမ်းပဲ အရေးကြီးပါတယ်။ စစ်အုပ်စုဟာဆိုရင် ကနေ့အချိန်အထိ ပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်နေဆဲ ဖြစ်ပါတယ်။ ကျေးရွာလိုက် မီးရှို့တာတွေ၊ အရပ်သားတွေကို အဓမ္မ စစ်မှုထမ်းခိုင်းနေတာတွေ၊ အရပ်ဘက် နေရာတွေကို ဗုံးမိုးကြဲနေတာတွေဟာဆိုရင် စက်ဆုပ်ဖွယ်ကောင်းတဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ အဲဒါတွေကို ကမ္ဘာ့ပြည်သူတွေကို သိအောင်ပြောနိုင်တာ ဦးကျော်မိုးထွန်း တယောက်ပဲ ရှိပါတယ်။ ဦးကျော်မိုးထွန်းဟာ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်စစ်စစ် ဖြစ်တယ် ဆိုတာကိုလည်း နိုင်ငံတကာအစိုးရတွေကို ကျနော်တို့အနေနဲ့ သိစေလိုပါတယ်။ ဒီအတွက် ကျနော်တို့ အမေရိကန်ပါတီများ၊ လွှတ်တော်များကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး ၅ နှစ်ကျော် ၆ နှစ်နီးပါး ကြာလာချိန်အထိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေးအတွက် နိုင်ငံတကာရောက် မြန်မာတွေက ကမ်ပိန်းတွေ နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး စစ်အာဏာရှင်ကို အသာစီးယူထားဆဲ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “မတ်လ ၂၆ ရက်နေ့မှာ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုထံကို စာတစောင် ပေးပို့ခဲ့တယ်။ ရီပတ်ဘလစ်ကန်ရော ဒီမိုကရက်ရော ပါတီနှစ်ရပ်လုံးကနေ ပေးပို့ခဲ့တဲ့စာဖြစ်တယ်။ ဒီစာမှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် ပြန်ပြီးသုံးသပ်ဖို့ အတွက်ကို အကြံပြုချက်တွေ၊ စစ်ကောင်စီကို နိုင်ငံရေးအရ အထီးကျန်ဖြစ်စေဖို့ရယ်၊ နောက်တခါ ပစ်မှတ်ထား ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့တွေ၊ နောက်တခါ ဒီမိုကရေစီအင်အားစုတွေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုအပေါ် ကူညီပံ့ပိုးပေးဖို့တွေကို အဓိကထားပြီးတော့ ရေးထားတာဖြစ်တယ်။ ဒီစစ်အုပ်စုကို တရားဝင်မှုမရှိဘူးဆိုတဲ့ အစိုးရတရပ်အဖြစ် အသိအမှတ်မပြုရေးနဲ့ ဆိုင်တဲ့ဟာကို သူတို့ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ ဒါဟာလည်းပဲ ကျမတို့ UN Credential နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာစင်မြင့်မှာ လူသတ်အစိုးရရဲ့ ကိုယ်စားလှယ်က ဒီနေရာကို ရသွားမယ်ဆိုရင် နိုင်ငံတကာမှာလည်း အဆင်ပြေတဲ့ အခင်းအကျင်းမျိုး ဖြစ်လာမှာမဟုတ်ဘူး။ ပြည်သူလူထုအတွက်လည်း အင်မတန် အန္တရာယ်ကြီးတယ်ပေါ့နော်” လို့ ပြောပါတယ်။

နိုင်ကျဉ်းဟောင်း၊ သတင်းသမား ဒေါ်ဆုမွန်က “နှစ်ဖက်ပါတီ ပူးပေါင်းပြီးတော့မှ အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒအသစ်တွေကို ပုံဖော်ဖို့ အကြံပြု တိုက်တွန်းတဲ့စာကို တရားဝင်ပေးပို့တယ်။ အမေရိကန်အစိုးရနေပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီထက်ပိုပြီးတော့မှ ထိထိရောက်ရောက် ပံ့ပိုးပေးဖို့ အတွက်ကိုလည်း လွှတ်တော်ဘက်ကနေ ဒီလိုဖိအားပေးပြီး အကြံပြုစာပေးပို့တဲ့အပေါ်မှာ ကျမတို့ဘက်က ကြိုဆိုတယ်။ ဆက်ပြီးတော့မှ အမေရိကန်အစိုးရဘက်ကနေ တစိုက်မတ်မတ်နဲ့ ပံ့ပိုးကူညီ ထောက်ပံ့ပေးဖို့ အတွက်ကိုလည်း အမေရိကန်အစိုးရကိုရော လွှတ်တော်ကိုယ်စားလှယ်တွေကိုရော မြန်မာ့အရေးကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းပေးဖို့လည်း မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာလ ကျင်းပမဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နှစ်စဉ်ဆောင်ရွက်နေကြ လုပ်ငန်းစဉ်အတိုင်း သံတမန်အရည်အချင်း စိစစ်ရေးကော်မတီ (Credentials Committee) က နိုင်ငံအသီးသီးကို ကိုယ်စားပြုတဲ့ သံတမန်တွေဟာ ကုလရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်သုံးသပ်တော့မှာ ဖြစ်ပါတယ်။

အဲဒီအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေး လူထုထောက်ခံပွဲတွေကို နိုင်ငံတကာရောက် မြန်မာတွေက စက်တင်ဘာတလလုံးမှာ သက်ဆိုင်ရာ နိုင်ငံတွေကနေတဆင့် အသီးသီး ပြုလုပ်သွားဖို့ ပြင်ဆင်နေတာပါ။

စက်တင်ဘာ ၁၉ ရက်နေ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် နေရာအနီးမှာ အဓိကကမ်ပိန်း ပြုလုပ်မှာဖြစ်ပြီး ဥရောပ၊ အာရှ၊ ဩစတြေးလျနဲ့ နိုင်ငံတကာရောက် မြန်မာတွေက ကမ်ပိန်းတွေ ဆက်တိုက်ဖော်ဆောင်ကြဖို့ ရှိနေပါတယ်။

အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်တဲ့ ကုလ သံတမန်အရည်အချင်းစိစစ်ရေးကော်မတီ (UN Credentials Committee) မှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့က အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ၆ နိုင်ငံ နေရာတွေကတော့ အလှည့်ကျစနစ်နဲ့ ပါဝင်ကြရတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013