DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၂၂ ကျောင်း ပိတ်ထားရ
DVB
·
July 23, 2024
မအူပင်တွင် မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၂၂ ကျောင်း ပိတ်ထားရ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ တိုးမြစ်ရေ ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာလို့ အခြေခံပညာကျောင်း ၂၂ ကျောင်းအထိ ပိတ်လိုက်ရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

တိုးမြစ်ရေကြီးမှုကြောင့် စာသင်ကျောင်းတွေ နစ်မြုပ်ပြီး မအူပင်မြို့နယ်မှာ ပိတ်လိုက်ရတဲ့ စာသင်ကျောင်း ၂၂ ကျောင်းမှာ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ မူလတန်းကျောင်း ၁၉ ကျောင်း ပိတ်ထားရတာလို့ ဆိုပါတယ်။

ပညာရေးဝန်ထမ်းတယောက်က “ဘယ်လိုမှ ဆက်သင်မရလို့ ပိတ်ရတာပါ။ အခုပိတ်ရတဲ့ စာသင်ကျောင်းတွေထဲမှာ စနစ်သစ် သင်နေရတဲ့ အထက်တန်းကျောင်းတွေလည်း ပါတယ်။ မူလတန်းကျောင်းတွေက အများဆုံး” လို့ ပြောပါတယ်။

မအူပင်မြို့နယ်မှာ မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်းတွေထဲ ရေဝင်လာလို့ ပိတ်လိုက်ရတဲ့ စာသင်ကျောင်း ၂၂ ကျောင်းဟာ ပေကုန်၊ အောက်ထုံး၊ ပန်းပင်စု၊ ကျွဲဒုံး၊ ကျုံနတ္တော်၊ ရွှေလှေသောင်၊ ရေလဲကြီး၊ ကဝက္ကင်း၊ တော်တလုပ်၊ လေးအိမ်စု စတဲ့ကျေးရွာတွေနဲ့ ကျေးရွာအုပ်စုတွေက စာသင်ကျောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

မအူပင်ဒေသခံတယောက်က “မြစ်ရေ မနေ့ကနဲ့ ဒီနေ့တောင် မတူဘူး၊ တအားတိုးနေတာ။ စာသင်ကျောင်းတွေပိတ်တာ ကောင်းတယ်။ တချို့စာသင်ကျောင်းတွေဆို ရေက လုံးဝကိုမြုပ်သွားတာ။ အိမ်တွေထဲလည်း ရေတွေဝင်နေတာ မနည်းဘူး” လို့ ပြောပါတယ်။

ကျောင်းတွေ ပိတ်ထားရတဲ့ရက်တွေမှာ မသင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေ အခက်အခဲ မဖြစ်စေဖို့ တိုးမြစ်ရေ ပြန်လည်ကျဆင်းတဲ့အခါ အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ ပြန်လည်အစားထိုး သင်ကြားသွားမယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ မိုးရွာသွန်းမှုနဲ့ ငဝန်၊ တိုး၊ ဧရာဝတီမြစ်ရေတွေ မြင့်တက်လာမှုကြောင့် ဇူလိုင် ၁၅ ရက်က စတင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေကာ မြန်အောင်မြို့နယ်က စာသင်ကျောင်း ၃၈ ကျောင်း၊ ကြံခင်းမြို့နယ်က ၈ ကျောင်း၊ လေးမျက်နှာမြို့နယ်က ၅ ကျောင်း၊ ငါးသိုင်းချောင်းမြို့နယ်က ၅ ကျောင်း ပိတ်ထားရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013