DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်ရှောင်စခန်း ၂ ခုကို ပရဟိတအဖွဲ့က ရိက္ခာ လှူဒါန်း 
DVB
·
July 23, 2024
ရွှေဘိုတွင် စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်ရှောင်စခန်း ၂ ခုကို ပရဟိတအဖွဲ့က ရိက္ခာ လှူဒါန်း 
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း ခမရ ၁၂ စစ်ကောင်စီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင် ၂၂ ရက် နေ့ခင်း ၁၂ နာရီလောက်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်မြောင်းမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို ဗုံးကြဲခံရပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒေသခံရွာသားတဦးက “စကစ စခန်းအတွင်းကတော့ ဘာတွေဖြစ်ကုန်မလဲ ဆိုတာကတာ့ မသိရဘူး။ စခန်းအတွင်းကနေ ဆူညံအော်ဟစ်ဆဲဆိုတဲ့အသံတွေ ကြားရတယ်။‌‌ အမိုးပေါ်ကနေ ဒရုန်းယာဉ်တွေကလည်း အများကြီးလာချတာဗျ” လို့ ပြောပါတယ်။

ကျောက်မြောင်းမြို့ဟာ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းပေါ်မှာ တည်ရှိတဲ့ မြို့တခုလို့လည်း သိရပါတယ်။

နယ်စည်းမခြား ရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ fix wings ဒရုန်းက ၂၄ စီး၊ ပန်ကာ ၄ လက် ဒရုန်းက ၆ စီး၊ ပန်ကာ ၆ လက်နဲ့က ၂ စီး၊ စုစုပေါင်း ဒရုန်း ၃၂ စီးနဲ့ တိုက်ခိုက်ခဲ့တာဗျ။ ချခဲ့တဲ့အလုံးအရေအတွက်က ၄၀ ပါဗျ။ ကျနော်တို့ ညပိုင်း ဖရဲသီးဆီ သတင်းထောက်ကြည့်တဲ့အခါ စခန်းအတွင်းက ဟောင်ဝစ်ဇာပစ်တဲ့သူ ၅ ယောက် သေသွားတယ်။ ကျောက်မြောင်းဘောလုံးကွင်းထဲချတဲ့ ဗုံးသီး ၅ လုံးကလည်း ၈ ယောက်ထိတယ်။ အဲဒီ ၈ ယောက်ထဲက ၂ ဦးကလည်း ဆေးရုံမှာ ဆေးကုသရင်း ဆုံးသွားတယ်ဗျ။ သူတို့ဘက်က ၆ ဦး အပြင်းအထန် ဒဏ်ရရှိသွားတယ်လို့ သိရပါတယ်။ သူတို့ဘက်ကလည်း ၈၁ မမ ၄ လုံးနဲ့ ကောင်တာတန်းပြန်တယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို DVB အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ပွဲကို ရွှေဘို နယ်စည်းမခြားရွှေဘိုသား ဒရုန်းအဖွဲ့၊ ရွှေဘို တာနောယက္ခ ဒရုန်းအဖွဲ့နဲ့ ခင်ဦးမြို့နယ် နဂါးညီနောင် ဒရုန်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေစစ်ဘေးရှောင်နေကြရပြီး  စစ်ဘေးရှောင်စခန်း ၂ ခုရှိ အိမ်ထောင်စု ၁၅၀ ကို အလင်းသစ်ရောင်ခြည် ပရဟိတအဖွဲ့က စားသာက်စရာနဲ့ ဆေးဝါးတချို့   ဇူလိုင် ၂၂ ရက်က လှူဒါန်းခဲ့တယ်လို့  သိရပါတယ်။

စစ်ရှောင်အမျိုးသမီးတဦးက “အခုလို လာလှူဒါန်းပေးတော့ အတိုင်းမသိ ကျေးဇူးတင်မိတယ်။ လာလှူဒါန်းပေးတဲ့ ပရဟိတအဖွဲ့ကတော့ ခင်ဦးမြို့နယ်က အလင်းသစ်ရောင်ခြည် အဖွဲ့ပါ။ ဘာတွေလှူဒါန်းပေးခဲ့တာလဲဆိုတော့ အိမ်ထောင်စုတစုကို ဆန် ၃ ပြည်၊ ကြက်ဥ ၅ လုံး၊ အသားတု ၁၀ သား၊ ဆား ၅၀ သား၊ အခိုးပွင့်ဆေးတထုပ်စီ လှူဒါန်းသွားတာပါရှင့်။ အခုလို ဒုက္ခခံပြီး လာရောက်လှူဒါန်းပေးတဲ့အဖွဲ့ကိုရော၊ လှူဒါန်းပေးတဲ့ စေတနာရှင်များကိုရော အတိုင်းမသိ ကျေးဇူးအထူးတင်ရှိပါတယ်။ ကျမတို့ဘဝအတွက် ကျေးဇူးရှင်တွေပါ” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ ရွှေဘိုမြို့နယ်အတွင်းက နှမစားရစ်ရွာနဲ့ ကံသာကုန်းကျေးရွာက စစ်ရှောင် ပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာက စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်တွေကို အကြိမ်ကြိမ်မီးရှို့ခဲ့တာကြောင့် နေထိုင်စရာမရှိဘဲ စစ်ရှောင်နေကြရတာ ၃ နှစ်ကျော်အထိ ရှိနေပြီလို့လည်း သိရပါတယ်။

ခင်ဦးမြို့နယ် အလင်းသစ်ရောင်ခြည် ပရဟိတအဖွဲ့မှ မနှင်းဆီမေက “ဂျပန်ပြည်က အလှူရှင်တွေနဲ့ နွေဦးစာချုပ်နဲ့ နွေဦးထီထိုးသူများအဖွဲ့က လှူဒါန်းပေးတဲ့ငွေနဲ့ ကျမတို့ အလှူရှင်တွေကိုယ်စား သွားလှူဒါန်းပေးခဲ့တာပါရှင့်။ စစ်ရှောင်ကတော့ များတယ်။ ဒါပေမဲ့ လှူဒါန်းတဲ့ငွေပေါ်မူတည်ပြီး လှူခဲ့ရတာ။ နောက်ထပ် စစ်ရှောင်တွေလည်း အများကြီးကျန်သေးတယ်။ ကူနိုင်၊ လှူနိုင်သူတွေလည်း ကူကြ၊ လှူကြပါအုန်းလို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့လို့ နှစ်နဲ့ချီ စစ်ဘေးရှောင်နေကြတဲ့ ကျေးရွာအများပြား ရှိနေပြီး အမြဲတမ်း စစ်ရှောင်စခန်း ၇ ခုအထက်မှာ ရှိ‌နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013