
ရုရှားနိုင်ငံဟာ ဂျက်အင်ဂျင်တပ်ဒရုန်းတွေ လွှတ်တင်မဲ့ စခန်းအသစ်ကြီးတခုကို သီတင်း ၆ ပတ် အတွင်း တည်ဆောက်ပြီးစီးလုနီးပါး ဖြစ်နေပြီလို့ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ရိုက်တာသတင်းဌာနရဲ့ ဂြိုဟ်တုဓာတ်ပုံ ဆန်းစစ်ချက်တွေအရ သိရပါတယ်။
ဒီစခန်းသစ်ဟာ ယူကရိန်းနဲ့ နီးစပ်တဲ့နေရာမှာ ရုရှားရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို နောက်ထပ် တိုးချဲ့လိုက်တာပဲ ဖြစ်ပါတယ်။
Planet Labs နဲ့ Airbus တို့ ပံ့ပိုးပေးထားတဲ့ စီးပွားဖြစ်သုံး ဂြိုဟ်တုဓာတ်ပုံတွေအရ ဩဂုတ် ၃၁ ရက်မှာ အနောက်တောင်ပိုင်း ရော့စ်တော့ဗ်ဒေသရှိ ကွင်းပြင်အလွတ်ကြီးတခုသာ ဖြစ်ခဲ့တဲ့ အဲဒီနေရာဟာ ဘောလုံးကွင်းပေါင်း ၁၂၆ ကွင်းစာခန့် ကျယ်ဝန်းတဲ့ ရှုပ်ထွေးကြီးမားတဲ့ စခန်းတခု ဖြစ်လာခဲ့တာကို မြင်တွေ့ရပါတယ်။
ဒီဆောက်လုပ်ရေးလုပ်ငန်းဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ဂျက်အင်ဂျင်တပ် တိုက်ခိုက်ရေးဒရုန်းတွေ သုံးစွဲမှု မြင့်တက်လာချိန်နဲ့ တိုက်ဆိုင်နေပြီး ယူကရိန်းဟာ တနာရီကို ကီလိုမီတာ ၆၀၀ အထိ အမြန်နှုန်းနဲ့ သွားနိုင်တဲ့ အဲဒီမြန်နှုန်းမြင့်လက်နက်တွေကို ကြားဖြတ်ဟန့်တားဖို့ ရုန်းကန်နေရပါတယ်။
စစ်ပွဲကာလ ၅ နှစ်တာထဲ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဒီဆောင်းရာသီမှာ ရုရှားဘက်က ဂျက်ဒရုန်းတွေနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ပိုပြီး တိုးမြှင့်လာလိမ့်မယ်လို့ ကိယက်ဗ်ဘက်က တွက်ချက်ထားပါတယ်။
Source: Reuters











