DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် တံတား ၂ စင်း မိုင်းခွဲခံရ၊ စစ်တပ်က လောင်းလုံးဒေသခံ ၄ ဦးကို ဖမ်းဆီးပြီး နေအိမ် အချို့ မီးရှို့
DVB
·
July 21, 2024
ဂန့်ဂေါတွင် တံတား ၂ စင်း မိုင်းခွဲခံရ၊ စစ်တပ်က လောင်းလုံးဒေသခံ ၄ ဦးကို ဖမ်းဆီးပြီး နေအိမ် အချို့ မီးရှို့
1 / 2
Donate to DVB

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက တံတား ၂ စင်းကို မိုင်းခွဲဖျက်ဆီးပြီး အရပ်သား  ၄ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့ အနောက်ဘက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်နဲ့ ပျူစောထီး စုပေါင်းအင်အား ၁၅၀ လောက်က ဇူလိုင် ၂၀ ရက် မနက် ၃ နာရီလောက်မှာ ဂန့်ဂေါအနောက်ဘက်ခြမ်းနဲ့ အောင်မြင်ကျေးရွာကို ဆက်သွယ်ထားတဲ့ ပလောချောင်းတံတားနဲ့ အောင်မြင်ရွာနဲ့ လုံခြုံရွာကို ဆက်သွယ်ထားတဲ့ တံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ပျားရွာက ရွာခံအမျိုးသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် ပကဖ တာဝန်ရှိသူက  “သူတို့က မနက် ၂ နာရီခွဲ ၃ နာရီလောက်မှာ ခလရ ၅၀ က ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထွက်တာပေါ့။ ဂန့်ဂေါတောင်တည့်တည့် ပျားရွာဘက်ကို တကြောင်း၊ အနောက်ဘက်ကိုတကြောင်း ထွက်ပြီးတော့မှ ဂန့်ဂေါနဲ့ အောင်မြင်ရွာကြားကတံတားနဲ့ နေ့လယ်မှာ စစ်ကြောင်း ၂ ကြောင်းပေါင်းပြီး အောင်မြင်ရွာနဲ့ လုံခြုံရွာကို ဆက်ထားတဲ့ တံတားကို ထပ်ပြီး မိုင်းခွဲဖျက်ဆီးတာပေါ့၊ မနက်ခင်းဝေလီဝေလင်းမှာလည်း ဂန့်ဂေါအနောက်ဘက်မှာ တိုက်ပွဲဖြစ်တာ စစ်သား ၂ ယောက်သေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင် ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲမှာ ခလရ ၅၀ တပ်ထဲ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ အုပ်စုမှာ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တပ်က ပြည်သူ့နေအိမ် ၃ လုံးအား မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ်တွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က လောင်းလုံးမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်တွေကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ရင်းဘုတ်ကျေးရွာအနီးမှာ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိနစ်ပိုင်းလောက် တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာလာတဲ့အချိန်မှာ စစ်ကောင်စီစစ်ကြောင်းကနေ ရင်းဘုတ်ရွာထဲ ဝင်ရောက်ကာ ပြည်သူ့နေအိမ် ၃ လုံးအား မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာနားက အိမ်သုံး‌ဆောင်ကို မီးရှို့သွားတယ်။ ရင်းဘုတ်ရွာနဲ့ ကြယ်တောင်က ကပ်လျက်ပါ။ နေအိမ်တွေက လူနေလို့ မရတော့ဘူး၊ မီးရှို့ပြီးဆက်သွားတော့ တိုက်ပွဲထပ်ဖြစ်ကြသေးတယ်။” 

နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရင်းဘုတ်ရွာအနီး ကြယ်တောင်လမ်းဆုံဘက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နောက်တကြိမ် မိနစ် ၄၀ လောက်ကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

“မနက် ‌၆ နာရီလောက်တည်းကနေ လောင်းလုံးမြို့ပေါ်ကနေ အောက်ဘက်ကို ဆင်းလာတယ်၊ ပြောက်ကျားပုံစံနဲ့ ဆင်းလာတယ်။ ကျနော်တို့က အရင် ပိတ်ဆို့ပြီးတိုက်တာပါ၊ ရန်သူဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်။” 

ဒါ့အပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့ နေရာတဝိုက်က ဆိုင်ကယ်တွေကိုလည်း စစ်ကောင်စီ စစ်ကြောင်းက သိမ်းဆည်းယူဆောင်သွားသလို အရပ်သားပြည်သူတချို့ကိုလည်း လူသားဒိုင်း အနေနဲ့ အသုံးပြုဖို့အတွက် စစ်ကြောင်းတလျှောက် ဖမ်းဆီးသွားပြီးမှ  လမ်းခုလတ်နေရာတွေမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေကြောင့် ညင်းမော်၊ ရင်းဘုတ်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒဲငယ်နဲ့ ကဒဲကြီးရွာတွေဘက်က ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး လုံခြုံတဲ့ အခြေအနေရောက်မှသာ ပြည်သူတချို့ ရွာထဲပြန်လာနေထိုင်ကြတယ်လို့ ပြောပါတယ်။

“ခေတ္တရှောင်နေကြပြီး ပြန်လာနေကြတဲ့သဘောပဲ၊ လုံးဝစစ်ဘေးရှောင်တာမဟုတ်ဘူး၊ ၊တချို့ပြန်မလာရဲဘူး။ လမ်းတလျှောက်မှာ ရွာသားတွေကို ဖမ်းပြီးတော့ တနေရာရောက်ပြီးမှ ပြန်လွှတ်တယ်။ ဆိုင်ကယ်တွေက ပြန်ရဖို့မရှိတော့ဘူး၊ သူတို့တွေကို လောင်းလုံးကို ပို့ပေးပါဆိုပြီးတော့ မောင်းသွားတာ။ သူတို့ မောင်းသွားတာ မဟုတ်ဘူး၊ ဖမ်းသွားတဲ့သူတွေကို ပို့ခိုင်းတာပါ” လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

တိုက်ပွဲ ၂ ကြိမ်လုံးမှာ နှစ်ဖက် ထိခိုက်ကျဆုံး အတိအကျကိုတော့ DVB က အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရစဥ် သေဆုံးသူတွေရှိနေတယ်လို့ လောင်းလုံးမြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ လိုက်ပါလာတဲ့ တပ်သားတွေက ခလရ ၂၆၇၊ ခလရ၁၀၄ အစရှိတဲ့ တပ်ရင်းတွေကဖြစ်ပြီးတော့ အောက်ရေဖြူရွာမှာ တညတာစခန်းချနေထိုင်ပြီးနောက် ဇူလိုင် ၂၀ ရက်မှာ လောင်းလုံးမြို့နယ် အောက်ဖက်ကို စစ်ကြောင်းတက်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက လောင်းလုံးမြို့နယ်ဘက်ကို အခုဇူလိုင်လအတွင်း မကြာခဏ စစ်ကြောင်းထိုးလာပြီးတော့ စစ်မှုထမ်းဥပဒေနဲ့ သင်တန်းဆင်းလာတဲ့သူတွေကိုပါ တိုက်ပွဲအတွင်း အသုံးပြုလာပြီး နယ်မြေဖြန့်ကျက်မှု လုပ်ဆောင်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားကြဖို့ လောင်းလုံးမြို့နယ် ပကဖတာဝန်ရှိသူတဦးက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013