DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာတွင်  ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှုမြင့်တက်လာ 
DVB
·
July 20, 2024
ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာတွင်  ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှုမြင့်တက်လာ 
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်ခွဲတမ်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားဆန္ဒပြမှုတွေ အရှိန်ပြင်းထန်လာပြီး  ၁၉ ရက်မှာ အကြမ်းဖက်မှုအသစ်ဖြစ်ပွားခဲ့ပါတယ်။

ပြင်သစ်သတင်းဌာန AFP ကတော့ ဇူလိုင်လ ၁၈ ရက်က အကြမ်းဖက်မှုမှာ သေဆုံးသူ ၃၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ရိုက်တာသတင်းမှာတော့ ဒီသီတင်းပတ် အစောပိုင်းက သေဆုံးသူ ၆ ဦးကနေ လူ ၁၃ ဦး အထိ တိုးလာခဲ့ပြီးတော့ ဒီအရေအတွက် ပိုများလာကို ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

သောကြာနေ့က ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့တယ်လို့ ရိုက်တာ ဓာတ်ပုံဆရာတဦးက ပြောပါတယ်။

မြို့တော်ဒါကာရှိ လမ်းတွေပေါ်မှာ လူအသွားအလာ ရှင်းလင်းနေကြောင်း မျက်မြင်သက်သေတွေက ပြောကြပြီး ပင်မဗလီကြီးမှာ ဒေသစံတော်ချိန် နေ့ခင်း ၂ နာရီမှာ ဆန္ဒပြစုဝေးကြဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

မြို့တော်ရဲ့ ပင်မတက္ကသိုလ်ကျောင်းဝင်းဟာ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပေမဲ့ ကြာသပတေးနေ့ကတော့ မြို့ရဲ့တခြားနေရာတွေမှာ ပိုပြီးအားကောင်းတဲ့ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

မီးရထားသံလမ်းတွေနဲ့ အဓိကလမ်းမတွေကို ပိတ်ဆို့ခဲ့တဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ပြီး၊ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေကိုလည်း ပစ်ပေါက်ခဲ့ပါတယ်။

နိုင်ငံတဝန်း ရုပ်မြင်သံကြား သတင်းချန်နယ်တွေ ထုတ်လွှင့်မှုတွေ ရပ်တန့်သွားခဲ့ပြီး ဆက်သွယ်ရေးလိုင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်သွားခဲ့ပါတယ်။ လောလောလတ်လတ် အကြမ်းဖက်မှုတွေ ဖြစ်ပွားအပြီးမှာ မြို့တော်ဒါကာမှာ လုံခြုံရေး စစ်ဆေးရေးဂိတ်တွေ ချထားပြီး အဓိကရုဏ်းနှိမ်နင်းရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပါတယ်။

အစိုးရကို လိုလားတဲ့ ဆန္ဒပြသူတချို့ကလည်း လမ်းတွေပေါ်မှာ ကြွေးကြော်သံတွေကို အော်ဟစ်ကြွေးကြော်ပြီး နိုင်ငံတော်အလံကို ဝှေ့ယမ်းကာ ချီတက်နေကြပါတယ်။

အငြင်းပွားစရာ အလုပ်အကိုင် ခွဲတမ်းစနစ်ကို ကျောင်းသားတွေ ဒေါသထွက်ရာက ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်ခဲ့ပေမယ့် ငွေကြေးဖောင်းပွမှု မြင့်မားတာ၊ အလုပ်လက်မဲ့ မြင့်တက်လာတာနဲ့ နိုင်ငံခြား အရန်ငွေ လျော့နည်းတာအပါအဝင် ကျပ်တည်းတဲ့ စီးပွားရေးအခြေအနေတွေက မီးလောင်ရာလေပင့် ဖြစ်သွားတာလို့ လေ့လာသူတချို့က ပြောပါတယ်။

 Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013