DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးဘဏ်ကို ပစ်မှတ်ထားပိတ်ဆို့အရေးယူရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
DVB
·
July 19, 2024
မြန်မာ့စီးပွားရေးဘဏ်ကို ပစ်မှတ်ထားပိတ်ဆို့အရေးယူရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
Donate to DVB

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ အဓိက အားထားရာ  မြန်မာ့စီးပွားရေးဘဏ်ကိုလည်း နိုင်ငံတကာက ပိတ်ဆို့အရေးယူပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

MFTB နဲ့ MICB တို့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ စစ်လက်နက်ပစ္စည်းဝယ်ယူတာ၊ နိုင်ငံတကာကနေ အခွန်နဲ့ ဝန်ဆောင်ခတွေ ရယူတာတွေနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ နိုင်ငံခြားဝင်ငွေကို လက်ခံတာတွေအတွက် မြန်မာ့စီးပွားရေးဘဏ် (MEB) ကို အဓိက အားထားလာရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန် ၂၆ ရက်က လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ကို နိုင်ငံတကာက အရေးယူပိတ်ဆို့ဖို့ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့  ၂၄၀ က လည်း ဇူလိုင် ၁၅ ရက်မှာ ပူးတွဲထုတ်ပြန်စာနဲ့ တောင်းဆိုလိုက်ပါတယ်။

Blood Money Campaign အဖွဲ့ဝင်တဦးက “အဓိက ဗဟိုဘဏ်ပေါ့။ ဗဟိုဘဏ်ကို ဆန်ရှင်လုပ်လိုက်ရင် အကုန်လုံးပြီးသွားမယ်ပေါ့။ ဒါပေမဲ့ စစ်ကောင်စီကတော့ နိုင်ငံတော်ပိုင်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ကို ပြောင်းလဲ အသုံးပြုလာတယ်။ ဒီထုတ်ပြန်စာထဲမှာ မပါထားတဲ့ ဘဏ်တခုရှိတယ်။ ထုတ်ပြန်စာထဲမှာတော့ နိုင်ငံတော်ပိုင်ဘဏ်တွေကို အဓိက လုပ်စေချင်တာပေါ့။ ဒါပေမဲ့ ဒီလက်နက်ကိစ္စတွေ၊ ဂျက်လေယာဉ်ဆီကိစ္စတွေ ပံ့ပိုးပြီးတော့ အဒါက ငွေဆက်သွယ်ပို့ပေးနေတဲ့ ပုဂ္ဂလိဘဏ်တွေ ရှိတယ်။ အဲဒါက UAB ဘဏ်နဲ့ A Bank။ အဲဒါက တွမ်အန်ဒရူးရဲ့ ရီပို့ထဲမှာလည်း ပါတယ်။ UAB နဲ့ A Bank နှစ်ခုကိုလည်း တတွဲတည်းကို သုံးနေတာပေါ့။ အဓိက အဲဒီဘဏ်နှစ်ခုကို မြန်မာ့စီးပွားရေးဘဏ်နဲ့ တွဲပြီးတော့ ငွေကြေးစီးဆင်းမှုတွေရအောင်လုပ်နေတာ” လို့ ပြောပါတယ်။

နိုင်ငံတကာဘဏ်တွေဟာ MEB နဲ့ ဆက်ဆံမှုတွေရှိနေပြီး စစ်ကောင်စီဟာ MEB ကို ဝင်ငွေလမ်းကြောင်းနဲ့ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူရာမှာ အဓိက ကြားခံအဖြစ် အသုံးပြုနေတယ်လို့ ကုလအထူးကိုယ်စားလှယ်က ဆိုထားပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ MFTB နဲ့ MICB လို MEB ကိုလည်း အရေးယူဒဏ်ခတ်ပေးဖို့ အစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။

ISP Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက “ဒီဘဏ်ကိစ္စတွေကို အသေးစိတ်ကို နားမလည်ဘူး။ ဒါပေမဲ့ ကျနော်ဆိုလိုချင်တဲ့သဘောက နိုင်ငံတခုက ကျနော်တို့ဆီက ကုန်ရောင်းတာတွေရှိတယ်၊ ကုန်ဝယ်တာတွေရှိတယ်။ ငွေပေးငွေယူလုပ်နေရတဲ့ ကိစ္စတွေရှိတယ်။ ဆိုတော့ အဲလိုကိစ္စတွေအားလုံးကို ပိတ်ပင်လိုက်လို့ရှိရင် အခုလက်ရှိ အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ဒုက္ခရောက်တာက တပိုင်းပေါ့။ ဒါပေမဲ့ ကုန်သည်တွေ၊ ပစ္စည်းရောင်းတဲ့သူ၊ ဝယ်တဲ့သူ၊ အကုန်လုံး ဒုက္ခရောက်နိုင်တဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။

အရင်က MFTB ဟာ နိုင်ငံခြားငွေလွှဲပြောင်းမှုတွေအတွက် အဓိက လုပ်ဆောင်တဲ့ဘဏ် ဖြစ်ခဲ့ပြီး MICB နဲ့ MEB ဘဏ်တွေထက် နိုင်ငံခြားဘဏ်တွေမှာ ဘဏ်စာရင်းမြောက်မြားစွာ ဖွင့်ထားတာပါ။ MFTB နဲ့ MICB ဘဏ်တွေကို အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု မခံရခင်မှာပဲ စစ်ကောင်စီဟာ အရေးယူခံရမှုကနေ သက်သာစေမယ့် နည်းလမ်းတွေကို ကြိုတင်လုပ်ဆောင်ထားခဲ့ပါတယ်။

ကုလအထူးကိုယ်စားလှယ် ရရှိခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလမှာ MFTB ကတဆင့် စုစုပေါင်း ငွေပေးချေမှုနဲ့ လက်ခံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိခဲ့ရာကနေ ဒဏ်ခတ်မှုစတင်တဲ့ ဒုတိယနဲ့ တတိယ သုံးလပတ် ကာလတွေမှာ ငွေပေးချေမှုပမာဏက သန်း ၈၀ နဲ့ သန်း ၅၀ သာ ရှိပါတော့တယ်။ အဓိကက MFTB ကနေ ငွေလက်ခံမှု လုံးဝမရှိတော့ဘဲ ငွေပေးချေမှုအတွက်ပဲ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။

တဖက်မှာတော့ ငွေပေးချေတာနဲ့ ငွေလက်ခံတွေကို MEB ကတဆင့် လုပ်ဆောင်လာပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ အောက်သာ ရှိခဲ့ရာကနေ တတိယသုံးလပတ်ကာလမှာ သန်း ၅၀၀ နီးပါး ရှိလာပါတယ်။

အဲဒီ ပမာဏထဲမှာ ငွေလက်ခံရရှိတဲ့ ပမာဏက သန်း ၃၃၀ ကျော်ရှိခဲ့ပြီး တဝက်နီးပါးဖြစ်တဲ့ ၁၆၅ သန်းက MOGE ကနေ ရရှိတာဖြစ်ပါတယ်။ အဲဒီစာရင်းတွေအရ MOGE ဟာ လစဉ် ထိုင်းကနေ အမေရိကန်ဒေါ်လာ ၅၅ သန်း ဝင်ငွေရနေတာဖြစ်ပြီး ဝင်ငွေကို ထိုင်းဘတ်နဲ့ ရရှိတာ ဖြစ်ပါတယ်။

ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီရဲ့ ငွေကြေးစီးဆင်းမှုမှာ ထိုင်းဘဏ်တွေ ပါဝင်ပတ်သက်နေတဲ့အပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ဖြတ်တောက်ပေးဖို့လည်း အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

Blood Money Campaign အဖွဲ့ဝင်တဦးက “ထိုင်းအစိုးရက ဒါကို အရေးတယူလုပ်ဖို့ လိုတယ်။ အခုလည်း လုပ်နေတယ်လို့ ကြားတယ်။ ထိုင်းက အခုဆိုရင် ထိုင်းအစိုးရအနေနဲ့ UN Human Rights Council မှာ member ဖြစ်ဖို့အတွက် ၂၀၂၅-၂၀၂၇ term အတွက် member ဖြစ်ဖို့ သူတို့ ကြိုးစားနေတယ်။ သူတို့သည် ဒီ Human Rights Council Election ထဲမှာတောင်မှ ဝင်ဖို့ လုပ်နေတဲ့အခါမှာ ဒီလိုကိစ္စမျိုး ပေါ်လာတာက အရှက်တကွဲ အကျိုးနည်းပေါ့နော်။ ဆိုတော့ အဲ့ကိစ္စကို သူတို့ ကောင်းကောင်းဖြေရှင်းပြဖို့တော့ လိုတယ်၊ ကိုင်တွယ်ဖို့လိုတယ်။ ဘဏ်တွေကနေပြီးတော့ စုံစမ်းစစ်ဆေးပြီး တခါတည်း ဖြတ်တောက်။ အလုံးနဲ့အရင်းနဲ့ ငွေကြေးစီးဆင်းမှုတွေ လုပ်နေတဲ့ အကောင့်တွေ တခါတည်း ဖြတ်တောက်။ အဲဒါတွေကို သူတို့ တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုတယ်၊ Human Rights Council member အနေနဲ့ ထိုင်းအစိုးရက သူတို့ပြောတဲ့အတိုင်း ပါချင်တယ်ဆိုရင် သူတို့ သက်သေပြရမှာပေါ့” လို့ ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်းအနေနဲ့ MFTB ဘဏ်၊ MICB ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့လယ်ယာဘဏ်တို့ကို အရေးယူပိတ်ဆို့ဖို့ EU ရဲ့ MOGE ကို အရေးယူပိတ်ဆို့မှု ဦးဆောင်မှုနောက်သို့ လိုက်ပါဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်းထားပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013