DVB Logo
Home
နိုင်ငံတကာ
ICC တရားသူကြီးချုပ်နှင့် အကြီးတန်းရှေ့နေတို့ကို အမေရိကန် ပိတ်ဆို့အရေးယူ
DVB
·
August 19, 2026
Photo: REUTERS/Piroschka van de Wouw
Photo: REUTERS/Piroschka van de Wouw
Donate to DVB

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ တရားသူကြီးချုပ်နဲ့ ထိပ်တန်း တရားလွှတ်တော်ရှေ့နေ တယောက်ကို အမေရိကန်က ဩဂုတ် ၁၈ ရက်မှာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ ၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာအသိုက်အဝန်းက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ထူထောင်ခဲ့တဲ့ ICC တရားရုံးအပေါ် ထရမ့်ပ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေထဲက နောက်ဆုံးဖြစ်ရပ်တခုပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ICC တရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ထရမ့်ပ်ဟာ ICC တရားရုံးအပေါ်  ပိတ်ဆို့အရေးယူခွင့်ပြုတဲ့ သမ္မတအမိန့် ထုတ်ပြန်ခဲ့ပြီး အခု အဲဒီအမိန့်အတိုင်း ICC တရားသူကြီးချုပ်ဖြစ်သူ ဂျပန်နိုင်ငံသူ တိုမိုကို အာကာနဲနဲ့ ထိပ်တန်း တရားလွှတ်တော်ရှေ့နေ ဖြစ်သူ ဆီနီဂေါနိုင်ငံသား အဗ္ဗဒူလာယီ ဆေးယီ တို့ကို ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ကြောင်း ရူဘီယိုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကတော့ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးကို ပျက်စီးစေတယ်ဆိုပြီး ထုတ်ပြန်ချက်ထုတ်ကာ အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဆီနီဂေါနိုင်ငံသား တရားလွှတ်တော်ရှေ့နေ ဆေးယီဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ တရားလိုရှေ့နေအဖွဲ့ရဲ့ ထိပ်တန်းရှေ့နေတယောက်ဖြစ်ပြီး ICC တရားသူကြီးအဖြစ် ရွေးချယ်ခံရဖို့ အမည်စာရင်း တင်သွင်းခံထားရသူလည်း ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာ့ဗ် ဂါလန့်ထ် တို့ကို ဖမ်းဝရမ်းထုတ်ခဲ့တာတွေအပြင် အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်တပ်အပေါ် တရားရုံးက စုံစမ်းစစ်ဆေးခဲ့တာတွေကို အကြောင်းပြပြီး ပြီးခဲ့တဲ့နှစ်ကလည်း အစိုးရရှေ့နေတွေနဲ့ တရားသူကြီးတွေ အပါအဝင် ICC တာဝန်ရှိသူ အတော်များများကို အမေရိကန်က ပိတ်ဆို့အရေးယူခဲ့ပါသေးတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ “အမှုအခင်းအသီးသီးမှာ ဆောင်ရွက်နေတဲ့ တရားရုံးရဲ့ လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ပျက်စီးစေမှာဖြစ်သလို တရားရုံး တည်ရှိရေးကိုပါ ခြိမ်းခြောက်နေတယ်” လို့ ICC တရားသူကြီးချုပ် အာကာနဲက ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သတိပေးခဲ့ပါသေးတယ်။

အခုလို ပိတ်ဆို့အရေးယူလိုက်တာကြောင့် သူတို့မှာရှိတဲ့ အမေရိကန်ပိုင်ဆိုင်မှုမှန်သမျှ ထိန်းသိမ်းခံရမှာဖြစ်သလို နိုင်ငံတကာဘဏ် အများစုနဲ့ ချိတ်ဆက်နေတဲ့ အမေရိကန် ဘဏ္ဍာရေးစနစ်နဲ့ပါ အဆက်အသွယ် လုံးဝပြတ်တောက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အာကာနဲနဲ့ ဆေးယီတို့ ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေကို စက်တင်ဘာ ၁၇ ရက်အထိ အချိန်ပေးပြီး အပြီးသတ် ရုပ်သိမ်းနိုင်ဖို့အတွက် အထွေထွေ ခွင့်ပြုမိန့်တရပ်ကိုလည်း အင်္ဂါနေ့မှာပဲ ထုတ်ပြန်ပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013