DVB Logo
Home
Lead Story
ညိုဆဲ ဇူလိုင်
DVB
·
July 19, 2024
ညိုဆဲ ဇူလိုင်
Donate to DVB

မျက်ရည်များဖြိုင်၊ မိုးဇူလိုင်သည်

ညိုမှိုင်းနေဆဲ၊ ဒုက္ခဝဲတွင်း

လည်ဆင်းနေလည်း၊ သူငါတွဲကာ

ဝန်းရံပါ၍၊ လွတ်ရာလွတ်လမ်း

အစွမ်းကုန်သာ၊ ကြိုးစားရာ၏။    ။

ဇူလိုင်က အုံ့မှိုင်းနေသလို ပြည်သူတွေရင်ထဲလည်း ညိုမှိုင်းနေတာပါပဲ။ ဆဲဗင်း ဇူလိုင်ဆိုတာ ပညာသင်ဆဲ ကျောင်းသားများနဲ့ သမဂ္ဂအဆောက်အဦကို လူမဆန်သူတို့ရဲ့ စော်ကားအနိုင်ကျင့်မှု ပြရုပ်ပါပဲ။ ၁၉၆၂ ခုနှစ်မှသည် နှစ်ပေါင်း ၆၂ နှစ် ကြာခဲ့သော်လည်း အာဏာရှင်တွေကတော့ မျိုးဆက်သုံးဆက်တိုင် အဆုံးစွန်ထိ အနိုင်ကျင့် စော်ကားမြဲ စော်ကားဆဲပါပဲ။ အာဏာရှင်ဘက်ကို အဆုံးစွန်ထိ ထောက်ခံအားပေးနေသူ‌ကလည်း သူတို့ရဲ့ အကျိုးစီးပွားအတွက် အုံနဲ့ကျင်းနဲ့ကို အုပ်လိုက်သင်းလိုက် လူမဆန်ကြဆဲပါပဲ။ ဉာဏ်ပညာ၊ ဆင်ခြင်နိုင်စွမ်းကို သင်ကြားပြုစုပျိုးထောင်ခြင်း မခံခဲ့ကြရတဲ့ မျိုးဆက်တွေပါပဲ။

ဒီလိုပါပဲ ဇူလိုင် ၁၉ မျက်ရည်သွန်းဖြိုးခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးဟာလည်း ပြည်သူတွေရဲ့ရင်ထဲ ခုထိ လောင်မြိုက်နေဆဲပါ။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က သေနတ် ၁၃ ချက်ဟာလည်း ဗိုလ်ချုပ်နဲ့ အာဇာနည် ၉ ဦးသာမက ပြည်သူတွေရဲ့ရင်ကို ထိုးဖောက်ထားဆဲပါပဲ။ လူသားဆန်တဲ့ ပြည်သူတွေရင်က သွေးအလိမ်းလိမ်း ဒဏ်ရာဗရပွဟာ အနာပေါ် အနာဆင့်ကာ ဘယ်လိုမှ မမေ့နိုင်သော ဇူလိုင်ပဲ ဖြစ်ပါတယ်။ ၇၇ နှစ်သာ ကြာခဲ့ပေမဲ့ ပြည်သူတွေ ခုထိ အနိုင်ကျင့်ခံရဆဲပါ ဗိုလ်ချုပ်။ ဗိုလ်ချုပ်ရဲ့ သမီးငယ်လေးဟာလည်း အသက် ၇၉ နှစ်အရွယ် အမယ်အိုတယောက် ဖြစ်ခဲ့ပေမဲ့ သားတကွဲ၊ မြေးတကွဲ ဖက်ဆစ်အကြမ်းဖက်တို့ရဲ့ အကျဉ်းထောင်ထဲမှာပါပဲ။ မြန်မာပြည်ကြီးမှာ အာဏာရှင်တွေဟာ ယုတ်မာဆဲ၊ ရက်စက်ဆဲပါပဲ။ ဒီမတရားမှုဟာ ဒီမျိုးဆက်ထိသာ နောက်ဆုံးဖြစ်ဖို့ ကျမတို့အားလုံး အစွမ်းကုန် ဝိုင်းဝန်းကြိုးစားကြရပါမယ်။

အခုဆိုရင် မြန်မာ့နွေဦးတော်လှန်ရေးဟာ ဇာတ်ရှိန် အထွတ်အထိပ်ကို ရောက်လာနေပါပြီ။ မြန်မာပြည်သူတွေဟာ ဖားလား၊ ငါးလား၊ ကျားလား၊ နဂါးလားလည်း ကွဲပြားနေပါပြီ။ ‌ဘဝစွန့်၊ အသက်စွန့်၊ အနာဂတ်စွန်ခဲ့သူတွေရဲ့ အသီးအပွင့်အဖြစ် အောင်မြင်မှုတွေကို လယ်ပြင်မှာ ဆင်သွားသလို မျက်ဝါးထင်ထင် မြင်တွေ့လာနေကြရပါပြီ။ နောက်ဆုံးမှာ စေတနာမှန်သူတွေနဲ့ သူတို့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်‌တွေကသာ အနိုင်ရရမှာပါ။ မိုးလင်းရင်တော့ ပွဲက မသိမ်းချင်လည်းမရ၊ သိမ်းကို သိမ်းကြရတော့မှာပါ။ အခုဆိုရင် အာဏာရှင်‌တွေကြား အကွဲအပြဲများနဲ့ တိုင်းရင်းသားများအကြား အတွဲအဆွဲများကို မြင်တွေ့လာနေရပါတယ်။ နိုင်မြင်းလောင်းမယ့်သူတွေကလည်း ပြင်သူပြင်၊ ဝင်သူဝင်နေကြပါပြီ။ (သူတို့အိမ်တွေဟာ သူတို့ရဲ့ရှေ့တန်း) အိမ်ပြန်ရောက်သူတွေလည်း ရောက်ကုန်ကြပါပြီ။ (ဥပမာ။ ။ ကရင်နီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်)

အိမ်ပြန်သူရင်.....

သိချင်လာမိ

ဘယ်လိုရှိလိမ့်

စိမ့်ဝင်ခံစား

ပီတိများက

ရင်မှလှိုက်ညှိ

ဂွမ်းဆီထိလိမ့်

သိမ့်မွေ့သိင်္ဂါ

တွေ့လှတကား။  ။

ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလှတဲ့ အိမ်ပြန်ချိန်များပါလဲ။ ဘာမှမရှိလည်း ပဲ၊ ငါးပိ အမြဲရှိတဲ့ အိမ်အိုလေးများဆီသို့ အရောက်ပြန်ကြမှာပဲ။ ဘယ်လိုတောင် ဝမ်းမြောက်နေကြမှာပါလိမ့်။

ခုဆိုရင် အာဏာရှင်ဟာ အပြိုကွဲ၊ အချည့်နဲ့ဆုံးအချိန်ကို ရောက်လာနေပါပြီ။ ရက်စက်မှုအပေါင်း သရဖူဆောင်းကိုလည်း ပြည်သူတွေ သိမြင်လာနေပါပြီ။ ပြည်သူချစ်မြတ်နိုးမှုကို မရသူတွေဟာ ကြာရှည်မရပ်တည်နိုင်ဘဲ ကျဆုံးကြရမှာ ဧကန် အမှန်ပါပဲ။ ဒါပေမဲ့ ကြာရှည်လွန်းလှချည်လား မြန်မာပြည်က ဝဋ်ကြွေးများရယ်လို့ ကယ်ပါ အော်လည်း မရ၊ နေမထိ နိုင်မထိ ဖြစ်နေကြရပါတယ်။ အထက်ရေကြီး၊ အောက် ဝမ်းပျက်တဲ့အထိ မတော်တဆလား၊ တမင်တကာလား မသိအောင်ကို ပြည်သူတွေ အလိမ့်လိမ့် ခံစားနေကြရပါတယ်။ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်မရတာကလည်း အတော်ကို ဆိုးဝါးလှတဲ့ ကိစ္စတွေပါပဲ။ ဘယ်အချိန် ပေါ်တာဆွဲမယ် မသိတဲ့ဘဝတွေဟာ စားဖို့ရှာရလည်း ခက်ခဲနေကြရပါတယ်။ ယုတ်မာသူတွေနဲ့ ကြုံတွေ့ရခြင်းဟာ အတော် မင်္ဂလာမရှိခြင်းဘဲ ဖြစ်ပါတယ်။

အာဏာရှင်ပြိုလဲခန်းက အတော်ကို ရုပ်ပျက်ဆင်းပျက်ပါပဲ။ လက်အောက်‌ငယ်သား ရဲဘော်ရဲဘက် မိသားစု ကလေးငယ် ၄,၀၀၀ ကျော်ရဲ့ အသက်‌တွေကို ကယ်တင်ခဲ့တဲ့ အကြီးအကဲကို သေဒဏ်ချမှတ်တဲ့အထိ ရက်စက်လှပါတယ်။ ဒါဆို ၄,၀၀၀ ကျော်လုံး အသေခံ ပြန်တိုက်ရမယ်လို့ ဆိုလိုပါတယ်။ မိသားစုတွေ ကလေးငယ်တွေကိုပါ ချနင်းရက်တဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကို ခုထိ ကိုးကွယ်နေကြတာဟာ ဖွတ်အကောင်လုံး ထွက်လည်း တောင်ပို့မှန်း မသိကြသေးတာပါပဲ။ မျက်ကန်းယုံကြည်မှုရဲ့ ရလဒ်တွေက အတော်ကို ဆိုးဝါးလှပါတယ်။

ဘယ်လိုပင်ဆိုစေ ဇူလိုင်ရဲ့ ဝမ်းနည်းမှုတွေကို အင်အားအဖြစ်ပြောင်းလို့ ဗိုလ်ချုပ်နဲ့ အာဇာနည်အပေါင်းရဲ့ ဆန္ဒတွေကို ဦးညွှတ်ထိန်းသိမ်းလို့၊ အနစ်နာခံဆဲ အမယ်အိုနဲ့ ရဲဘော်အပေါင်းရဲ့ ဆန္ဒတွေကို ဦးညွှတ်ကြိုးစားလို့ နိုင်သူတွေက နိုင်ရာက ရရာဆွဲပြီး နွှဲကြရပါမယ်။ လှမ်းမြင်နေတဲ့ ပန်းတိုင်ကို လက်တွဲညီညီ ဆက်လက်ချီတက်နေကြရပါမယ်။ ဒီလိုအဖြစ်ဆိုး ဒီမျိုးဆက်မှာသာ ပြီးဖို့ ကြိုးစားကြရပါမယ်။ အနာဂတ်မြန်မာပြည်မှာ လူကောင်းတွေကြီးစိုးဖို့ ပြုစုပျိုးထောင်ကြရပါမယ်။ ပြီးတော့မယ့် ခရီးအတွက် ပြည်ထောင်စုသားအပေါင်း သောင်းဖြညီညာ ကြိုးစားကြမယ်ဆိုရင် အောင်မြင်မှုအပေါင်း ခညောင်းရောက်ရှိလာမှာ မလွဲဧကန် အမှန်ဖြစ်ပါကြောင်း ရင်မှ ဆန္ဒနဲ့ တင်ပြလိုက်ရပါတယ်။

သန့်ကေသာ (CDM ကျောင်းဆရာမ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013