DVB Logo
Home
Lead Story
ထိုင်းဘုရင် ချူလာလောင်ကွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း
မောင်တူး
·
October 8, 2026
ထိုင်းဘုရင် ချူလာလောင်ကွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း
Donate to DVB

ချုလာလောင်ကွန်း၊ ထိုင်းမြေကျွန်းထက်

ပေါ်ထွန်းခဲ့သား၊ ဘုရင်တပါး။ 

ဗိုလ်ချုပ်အောင်ဆန်း၊ ခေါင်အမြန်းသည်

မြန်မာပြည်မြတ်၊ လွတ်လပ်ဖို့ရာ

ရှေ့ဆောင်ထိပ်သီး၊ ခေါင်းဆောင်ကြီး။ 

ချူလာလောင်ကွန်း၊ ပေါ်လွင်ထွန်းရေး

ကြိုးစားသေးပ၊ ထိုင်းအစိုးရ။ 

အောင်ဆန်းမျိုးဆက်၊ ပျောက်ကွယ်ပျက်ရေး

ကြိုးစားသေးပ၊ စစ်အစိုးရ။ ။

ဟိုတနေ့က ထိုင်းလူငယ်များနေ့ကို မဲဆောက်မှာ လုပ်တယ်။ မြဝတီတဖက်ကမ်း တာ့ခရိုင် မဲဆောက်မြို့ ဝါထနာဟိုတယ်မှာ HELP WITHOUT FRONTIER FOUNDATION က စီစဉ်ပြီး ၂၀၂၆ ခုနှစ်၊ ၁၀ ကြိမ်မြောက်ထိုင်းအမျိုးသား လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့တာပါ။ 

ဒီအခမ်းအနားကို ကရင်၊ မြန်မာ၊ မွန်၊ ကချင်စတဲ့ ရွှေ့ပြောင်း တိုင်းရင်းသား လူငယ်တွေ တက်ရောက်ခဲ့ကြတယ်။ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ဒုရဲမှုးကြီး ဆွမ်ဖော့ချာလမ်ဖိုလည်း တက်ရောက်ခဲ့တယ်။ အဲ့ဒီမှာပဲ ထိုင်းရာဇဝင်မှာ ထင်ရှားတဲ့ ဘုရင်ချူလာလောင်ကွန်းရဲ့ မွေးနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ကို ထိုင်းအမျိုးသား လူငယ်များနေ့အဖြစ် သတ်မှတ်ထားတာကို သိခဲ့ရတယ်။

ချူလာလောင်ကွန်း

ချူလာလောင်ကွန်းဟာ ယိုးဒယားနိုင်ငံ တိုးတက်ရေး ပြုပြင်ရေးတွေလုပ်ခဲ့တဲ့ ပဉ္စမမြောက် ရာမဘုရင်ပါ။ သူ့ကို ၂၀ စက်တင်ဘာ ၁၈၅၃ က မွေးဖွားခဲ့တယ်။ စတုတ္ထမြောက် ရာမဘုရင် မောင်းကွတ်ရဲ့ အကြီးဆုံး သားတော်ပါ။ နိုင်ငံ အုပ်ချုပ်ရေး ပုံစံသစ်ပြောင်းတာ၊ လူမှုရေး ပြုပြင် ပြောင်းလဲတာတွေနဲ့ အနောက်တိုင်း ဥရောပ အထူးသဖြင့် (ဗြိတိသျှနဲ့ ပြင်သစ်တို့ရဲ့ အုပ်ချုပ်ပုံကို နမူနာယူပြီး ထိုင်းရိုးရာနဲ့ လိုက်လျောညီထွေအောင် ပြုပြင်လို့ အုပ်ချုပ်ပုံကို ပြောင်းခဲ့တယ်။ အနောက်နိုင်ငံ နယ်ချဲ့ဝါဒရဲ့ သိမ်းပိုက်မှုကနေ ယိုးဒယားပြည်ကို ကယ်တင်နိုင်ခဲ့တဲ့ ဘုရင်တပါးလည်းဖြစ်တယ်။ ဒါကြောင့်လည်း သူ့မွေးနေ့ကို လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့တာလို့ ထိုင်းပညာရှင်တွေက ဆိုတယ်။ (ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကလေးများနေ့ သတ်မှတ်တာလိုမျိုးပေါ့။) ယိုးဒယားပြည်ကို အနောက်နိုင်ငံတွေရဲ့ နယ်ချဲ့တာကနေ လွတ်ကင်းအောင် လုပ်ဆောင်ခဲ့နိုင်မှုကြောင့်လည်း ချူလာလောင်ကွန်းကို ထိုင်းပြည်သူတွေက ချစ်ခင်လေးစား ကြည်ညိုကြတာပါ။ နယ်ချဲ့တွေလက်အောက်က လွတ်အောင် လုပ်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူတွေက ချစ်ခင်လေးစား ကြည်ညိုကြတာလိုမျိုးပေါ့။

ထိုင်းကို ကမ္ဘာ့ ခေတ်မီ အုပ်ချုပ်ရေးပုံစံ ပြောင်းခဲ့သူ

ဘုရင် ချူလာလောင်ကွန်း လက်ထက်မှာ အစဉ်အလာ ထိုင်းပဒေသရာဇ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စစ်တပ်ကို အသွင်ပြောင်းခဲ့တယ်။ ၁၈၈၇ မှာ ထိုင်းဘုရင့် စစ်ကျောင်းကို တည်ထောင်သလို ၁၈၉၂ မှာ အစိုးရဝန်ကြီးဌာနတွေ စဖွဲ့ပါတယ်။ ရှေးအစဉ်အဆက် ရှိခဲ့တဲ့ ကျေးပိုင် ကျွန်ပိုင်ကျွန်စနစ်ကို ဖျက်သိမ်းပစ်တာနဲ့ မြေယာစနစ်ကို ပြုပြင်တာတွေလည်း လုပ်ပါတယ်။

ဥရောပနဲ့ အိန္ဒိယတို့ကိုသွားပြီး လေ့လာခဲ့သလို သူ့သားတော်တွေကိုလည်း ဗြိတိန်နိုင်ငံကို လွှတ်ပြီး ပညာတော်တွေ သင်စေခဲ့တယ်။ ထိုင်းရဲ့ ပထမဆုံး မီးရထားလမ်း၊ ပထမဆုံး လျှပ်စစ်ဓာတ်အား စက်ရုံတွေကိုလည်း သူက စတင်ခဲ့တယ်။ ပထမဆုံး စာရင်းစစ်ရုံးဌာန ထားရှိတာမျိုး သူ့လက်ထက်မှာ စလုပ်ခဲ့ပြီး ဝန်ကြီးဌာနတွေ ဖွဲ့စည်းရုံးထိုင်တဲ့ စနစ်ကိုလည်း သူကပဲ စတင်လုပ်ဆောင်ခဲ့တယ်။ သမိုင်းဆရာတွေက ချူလာလောင်ကွန်းဟာ ရာဇဝင်မှာ တမူထူးခြားတဲ့ လူငယ်ပြုပြင်ရေးသမားတဦး ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါကြောင့်လည်း သူ့မွေးနေ့ စက်တင်ဘာ ၂၀ ကို ထိုင်းအမျိုးသား လူငယ်များနေ့ သတ်မှတ်ခဲ့တာပေါ့။ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါကို ကလေးများနေ့ သတ်မှတ်သလိုပေါ့။ ဝမ်းနည်းစရာကောင်းတာက ချူလာလောင်ကွန် မွေးနေ့ လူငယ်များနေ့ကို ထိုင်းအစိုးရက အလေးတယူ ကျင်းပနေပြီး အောင်ဆန်းမွေးနေ့ ကလေးများနေ့ကိုတော့ စစ်အာဏာရှင်တွေက ဟန်ပြအဖြစ်သာ ကျင်းပခွင့် ပြုတာပါ။ အောင်ဆန်းရဲ့ ရင်သွေး ဒေါ်အောင်ဆန်းစုကြည်ကိုတောင်မှ မတရား အမှုဆင် ဖမ်းထားပြီး နှစ်ရှည်ထောင်ချထားသလို အသက် ၈၀ ကျော်ကြီးကို ထောင်တွင်းမှာ နှိပ်စက်ပြီး ညှဉ်းသတ်ဖို့ ကြိုးစားနေပါပြီ။

ထိုင်းမင်းဆက်များ

အခုလက်ရှိ ၁၀ ဆက်မြောက် ရာမဘုရင် မဟာဝဇီရာလောင်ကွန်းဟာ ထိုင်းနိုင်ငံမှာ စိုးစံနေတယ်။ မင်းဆက်ကတော့ ချက္ကရီမင်းဆက်ပါ။ ထိုင်းနေပြည်တော် အယုဒ္ဓယကို ၁၇၆၇ ခုနှစ်မှာ မြန်မာက သိမ်းပြီး ထိုင်းဘုရင်နဲ့ မိဖုရားတွေကို အင်းဝကို ခေါ်သွားခဲ့တယ်။ အဲ့သည်မှာ ထိုင်းမင်းဆက် ပြတ်သွားတယ်။ အဲ့သည်ကနေ တာ့ခ်ပြည်နယ်စား တာဆင်က မင်းဆက်အသစ် ထောင်တယ်။ နောက်ပိုင်းမှာ တာဆင်ရဲ့ တပ်မှူးတဦးဖြစ်တဲ့ မွန်တော်ဝင်သွေးက ဆင်းသက်လာတဲ့ ဗိုလ်ချုပ်ကြီးကျောက်ဖယားချက္ကရီက ပုန်ကန်ပြီး ဘုရင်ဖြစ်လာတယ်။ တာဆင်ကို ကွပ်မျက်ပြီး ချက္ကရီမင်းဆက် ၁၇၈၂ ခုနှစ်က ချောက်ဖရားမြစ်ဘေး ဘန်ကောက်ကမ်းနဖူးမှာ တည်ထောင်တယ်။ ချက္ကရီမင်းဟာ ပထမ ရာမဘုရင်ပါ။ စတုတ္တရာမ ဘုရင်ကတော့ မောင်းဂွတ်ဘုရင်ဖြစ်ပြီး သူ့လက်ထက်မှာ ပညာရေးကို မြှင့်တင်ခဲ့သလို ဒင်္ဂါးသွန်းလုပ်တာတွေလည်း စတင်လာတယ်။ သာမန် ဗေဒင်ပညာသာမကပဲ သိပ္ပံနည်းကျ နက္ခတ်တာရာ ပညာတွေ သင်ကြားစေခဲ့တယ်။ မောင်းကွတ်ဘုရင်ကိုယ်တိုင်လည်း နက္ခတ်တာရာ ပညာရှင် ဖြစ်တယ်။ အဲ့ဒီတုန်းက ထိုင်း (ဟွာဟင်) ကို ဗဟိုပြုပြီး နေအပြည့်အဝ ကျတ်မှာကို မောင်းကွတ်ဘုရင်က ၂ နှစ်ကြိုတင် တွက်ချက်ထားခဲ့တယ်။ ၅ ဆက်မြောက် ရာမ ဘုရင်ကတော့ ချူလာလောင်ကွန်းပါ။ သူ့လက်ထက်မှာ ထိုင်းနိုင်ငံကြီး ပိုတိုးတက်လာခဲ့တယ်။ မော်ဖူးစေ ဆိုမှ ဘုရင်ကိုမော့ကြည့်ခွင့်ရှိမဲ့ ပြားပြားဝတ် ဝတ်ပြုရှိခိုး စံနစ်ကိုလည်း သူ့လက်ထက်မှာ ဖျက်သိမ်းခဲ့တယ်။ မောင်းဂွတ်၊ ချူလာလောင်ကွန်းတို့လို တိုင်းသူပြည်သားချစ်တဲ့ နောက်ဘုရင်တပါးကတော့ ကိုးဆက်မြောက် နန်းသက်ရှည် ဘူမိဘောဘုရင်ကြီးပါ။ အခုကတော့ ၁၀ ဆက်မြောက် ဘုရင် မဟာဝဇီရာလောင်ကွန်က စည်းမျဉ်းခံဘုရင်စနစ်နဲ့ အုပ်ချုပ်လျက်ပါ။

ချူလာလောင်ကွန်းနေ့ (Chulalongkorn Day)

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ဟာ ထိုင်းနိုင်ငံ သမိုင်းတလျှောက် အကြီးကျယ်ဆုံးနဲ့ ပြည်သူလူထု တိုင်းသူပြည်သား အချစ်ခင်ဆုံး ဘုရင်တွေထဲက တပါးဖြစ်တဲ့ ဘုရင် ချူလာလောင်ကွန်း (H.M. King Chulalongkorn the Great - Rama V) နတ်ရွာစံ အမှတ်တရ ဂုဏ်ပြုကြတဲ့နေ့ ဖြစ်ပါတယ်။ အဲ့ဒီနေ့ကို ထိုင်းဘာသာစကားနဲ့ วันปิยมหาราช (ဝမ် ပိယာမဟာရတ်) လို့ ခေါ်ဆိုပြီး ပြည်သူတို့ရဲ့ အချစ်ဆုံး မဟာဘုရင်မင်းမြတ်လို့ အဓိပ္ပာယ်ရပါတယ်။ "ချူလာလောင်ကွန်းနေ့" ဟာ ထိုင်းနိုင်ငံ အမျိုးသား ရုံးပိတ်ရက် (National Public Holiday) ဖြစ်တယ်။ ဘုရင် ချူလာလောင်ကွန်း (၁၈၅၃-၁၉၁၀) ဟာ ၁၈၆၈ ခုနှစ်ကနေ ၁၉၁၀ ခုနှစ်အထိ ၄၂ နှစ်ကြာ နန်းစံခဲ့ပြီး၊ ဥရောပ ကိုလိုနီနယ်ချဲ့သမားတွေ ကြီးစိုးနေတဲ့ ခေတ်ကြီးမှာ ထိုင်းနိုင်ငံ (ယခင် စယမ်နိုင်ငံ) ကို လုံးဝ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ထိန်းသိမ်းနိုင်ခဲ့တာကြောင့် ထိုင်းပြည်သူတွေက အထူးလေးစားကြည်ညိုကြတာပါ။ ချူလာလောင်ကွန်းနေ့မှာတော့ ထိုင်းနိုင်ငံတဝန်းလုံးရှိ ပြည်သူတွေ၊ အစိုးရအဖွဲ့အစည်း၊ စစ်ဘက်နဲ့ ပုဂ္ဂလိကကဏ္ဍတို့ကနေ ဘုရင်မင်းမြတ်ရဲ့ ကျေးဇူးတရားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းခွေချ အခမ်းအနားတွေ လုပ်ကြပါတယ်။

ချူလာလောင်ကွန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း

မြန်မာပြည်မှာ ဟိုတုန်းက (ဟိုတုန်းကပါ) ကျေးဇူးရှင် လွတ်လပ်ရေးဖခင် အောင်ဆန်းရဲ့ ပုံတွေကို ငွေစက္ကူတွေမှာ ရိုက်နှိပ်ခဲ့ကြတယ်။ ငါးပြားစေ့၊ ဆယ်ပြားစေ့၊ တမတ်စေ့၊ ငါးမူးစေ့၊ တကျပ်စေ့တွေပေါ်မှာ ကအစ တကျပ်တန်၊ ငါးကျပ်တန်၊ တဆယ်တန်၊ နှစ်ဆယ်တန်၊ အစိတ်တန်၊ တရာကျပ်တန်တွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ရိုက်နှိပ်ခဲ့ကြတယ်။ စစ်အာဏာသိမ်း ၈၈၈၈ ကာလ နောက်ပိုင်း ငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်ပုံတွေ ပျောက်ကုန်တာ အခုအထိပါ။ စစ်တပ် အာဏာသိမ်းထားသရွေ့ ပြန်မပေါ်လာနိုင်ပါ။ 

ထိုင်းမှာတော့ ဘုရင်ချူလာလောင်ကွန်ရဲ့ ပုံတွေဟာ ငွေစက္ကူတွေမှာ ပါရှိနေပါတယ်။ မြန်မာပြည်မှာစစ်တပ်က ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်တွေကို ဖျောက်ဖျက်နေပါတယ်။ ဒါပေမဲ့ ထိုင်းမှာတော့ သူတို့ ပြည်သူတွေရဲ့ ကျေးဇူးရှင် ချူလာလောင်ကွန်းကို ဂုဏ်ပြုနေကြပါတယ်။ ဘုရင်ချူလာလောင်ကွန်းဟာ ၁၈၅၃ စက်တင်ဘာ ၂၀ မွေးဖွားခဲ့တာပါ။ သူ့ကိုမွေးဖွားခဲ့ ၁၇၃ နှစ်ရှိပြီ။ သူ နတ်ရွာစံခဲ့တာက ၁၉၁၀ အောက်တိုဘာ ၂၃ ရက်မို့ (၁၁၆) နှစ် ရှိပါပြီ။ သူ့ရဲ့ မွေးနေ့ကို လူငယ်များနေ့ သတ်မှတ်ထားပါတယ်။ တကယ့်ကို လေးလေးစားစား ကျင်းပနေကြပါတယ်။ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကလေးများနေ့ သတ်မှတ်ထားတာကိုတော့ စစ်အာဏာရှင်တွေက ဟန်ပြသာ ကျင်းပပေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ အာဇာနည်နေ့မှာလည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် တက်ရောက်ခွင့် မပေးပါဘူး။ ထိုင်းနိုင်ငံမှာ ကျေးဇူးရှင် ချူလာလောင်ကွန်းကို လေးစားသလောက် မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းကို မလေးမစား လုပ်နေကြတာပါ။ ကြေးရုပ်တုတွေကိုလည်း ဖျက်ဆီးနေကြပါသေးတယ်။ 

ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတပါးပါ။ ချူလာလောင်ကွန်းကို ပူဇော်နေကြတဲ့ ယိုးဒယားနိုင်ငံဟာ မင်္ဂလာအပေါင်းနဲ့ ခညောင်းနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ဂုဏ်ပြု ပူဇော်ထိုက်သူအပေါင်းကို မပူဇော်ဘဲ သမိုင်းဖျောက်နေတဲ့ စစ်အာဏာရှင်တို့ရဲ့ လုပ်ရပ်တွေဟာ မင်္ဂလာ မရှိပါဘူး။ စက်ဆုတ် ရွှံရှာဖွယ် ကောင်းလှပါတယ်။ မင်္ဂလာရှိတဲ့ မြန်မာပြည် ပြန်ဖြစ်လာဖို့ကတော့ စစ်အာဏာရှင်တွေကို နွေဦးတော်လှန်ရေးမှာ အပြုတ်တိုက်ထုတ်မှသာ ရမှာပါ။ ။

ချူလာလောင်ကွန်း၊ ထိုင်းတွင်ထွန်းပ

နေဝန်းတဆူ၊ ပူဇော်အများ

အားရစရာပါလား။ 

ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်သူလွမ်းလည်း

အကြမ်းဖက်စစ်တပ်၊ ရန်သူမှတ်ထား

အားရစရာမရှိပါတကား။ ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013