
အောင်ဆန်းသို့အတည်
ကနောင် သည်လည်း
အာဇာနည်ပဲလို့ မှတ်ယူနိုင်သည်တကား။ ။
၁၈၆၆ ခုနှစ် ဩဂုတ်လ ၂ ရက်မှာ မင်းအုပ် အုပ်ချုပ်ချင်တဲ့ မင်းသားတပါးရဲ့ လုပ်ကြံမှုကြောင့် အိမ်ရှေ့စံ ကနောင်မင်းသားကြီး နတ်ရွာစံ သေဆုံးခဲ့ရတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ပါ သေဆုံးသွားခဲ့ရတာလို့ ဆိုကြပါတယ်။ ကနောင်မင်းသားကြီး သေဆုံးခဲ့တာ နှစ်ပေါင်း ၁၆၀ ရှိပါပြီ။
အာဇာနည်တွေပေါများတဲ့တိုင်းပြည် ကနောင်သည်လည်း အာဇာနည်
နယ်ချဲ့ကို တိုက်ထုတ်ဖို့ ကြိုးစားနေချိန်မှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ နယ်ချဲ့လက်ပါးစေ အာဏာလုသူတွေရဲ့ လုပ်ကြံမှုနဲ့ အာဇာနည်ကြီးအဖြစ်ကျဆုံးသွားခဲ့ရတာ အားလုံးအသိပါ။ လှေလှော်ရင်းက တက်ကျိုးရ အကျိုးကနည်း ဗိုလ်ချုပ်လည်းဆုံး တိုင်းပြည်ဘုံးဘုံးလဲခဲ့ရတာ အခုအထိပါ။ အာဇာနည်သည် ၉ ဦးမကလို့ ဆိုကြပေမဲ့ အာဇာနည်ကြီးတွေကတော့ ၉ ဦးပါ။ ခေတ်အဆက်ဆက် ပေါ်ပေါက်လာရတဲ့ အာဇာနည်တွေကတော့ အထောင်အသောင်းရှိပါရဲ့။ အာဇာနည်တွေပေါတဲ့ တိုင်းပြည်မှာ အောင်ဆန်း၊ စောဘဦးကြီး၊ ဖဒိုမန်းရှာလားဖန်း စသူ စသူတို့ဟာလည်း အာဇာနည်တွေပါပဲ။ အလားတူ ၅ နှစ်တာ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လုပ်ကြံဖမ်းဆီးပြီး ကျန်းမာရေး ချို့တဲ့အောင် ညှင်းသတ်နေခဲ့တာလည်း ၆ နှစ်ထဲကို ဝင်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အာဇာနည် ဖြစ်သွားပြီလား။ မေးနေကြပါပြီ။ အဖြေကားမရှိပြီ။ သို့သော် ICRC တွေ့ဆုံမှုကြောင့် မျှော်လင့်စရာတော့ ရှိလာပါရဲ့။ အလားတူ ကုန်းဘောင်ခေတ်က မြန်မာပြည် တိုးတက်ရေး ကာကွယ်ရေးကို ကြိုတင်စီမံ ကြံဆောင်ခဲ့သူ အိမ်ရှေ့စံ ကနောင်မင်းသားကြီးဟာလည်း မြင်ကွန်းမင်းသားရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရတာပါ။ ကနောင်မင်းဟာလည်း အာဇာနည်တွေပေါများတဲ့တိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့လိုပဲ အာဇာနည်ကြီး တဦးလို့ ဆိုချင်ပါတယ်။ လှေလှော်ရင် တက်ကျိုး၊ တိုင်းပြည် တည်ဆောက်နေရင်းက ဆုံးပါးသွားခဲ့ရသူ ခေါင်းဆောင်ကြီး တဦးပါ။ နှစ် ပေါင်း ၁၆၀ ပြည့်ပါပြီ။
ကနောင်မင်း အရင်းအစ
ကုန်းဘောင်ခေတ် အမပူရ ဒုတိယမြို့တည် သာယာဝတီမင်းနဲ့ `သီရိသုစန္ဒာမာလာမဟေ´ ဘွဲ့အမည်ရှိ ကျောက်မော်မြို့စား မိဖုရားတို့မှာ သားတော်နှစ်ပါးရှိပါတယ်။ သားအကြီးက မင်းတုန်းမင်း၊ သားအငယ်က ကနောင်မင်းသားပါ။ ကနောင်မင်းသားကို မြန်မာသက္ကရာဇ် ၁၁၈၁ ခု တော်သလင်း လဆုပ် ၂ ရက် တနင်္ဂနွေနေ့၊ ခရစ်သက္ကရာဇ် (၄.၁.၁၈၂၄) မှာ မွေးတယ်။ နောင်တော် ပုဂံမင်း (၁၈၄၆-၁၈၅၃) ဘုရင် ဖြစ်တဲ့အခါ ကနောင်မြို့ကို စားရလို့ ကနောင်မင်းသား လို့ နာမည်တွင်တာပါ။
စက်မှုနိုင်ငံတော် တည်ထောင်မည့် ကနောင်မင်း
ကျမက
စင်ကာပူကို မီရမယ်လို့
ပြောတာမဟုတ်ပါဘူး။
စင်ကာပူကို ကျော်ရမယ်လို့
ပြောခဲ့တာပါ။ ။
(ဒေါ်အောင်ဆန်းစုကြည်)
မြန်မာပြည်ကို စက်မှုနိုင်ငံတခုဖြစ်အောင် တိုးတက်အောင် တည်ဆောက်မယ်။ တည်ဆောက်နိုင်တယ်လို့ ပြောခဲ့တဲ့တဲ့ ၂၁ ရာစု မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ရဲရဲတောက် စကားပါ။ အလားတူ ကုန်းဘောင်ခေတ် ၁၉ ရာစု မြန်မာ့ခေါင်းဆောင် ကနောင်မင်းကလည်း စက်မှုနိုင်ငံ ထူထောင်ဖို့ကို ပြောခဲ့ဘူးပါတယ်။ မန္တလေးက နာမည်ကျော် စာရေးဆရာကြီး ဆူးငှက်က အခုလို ရေးသားခဲ့ပါတယ်။
ကနောင်ရဲ့ စက်မှုနိုင်ငံတော်
"မန္တလေး ရတနာပုံနေပြည်တော်ကို ကောဇာသက္ကရာဇ် ( ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ မင်းတုန်းမင်းကြီး တည်ထောင်တယ်ဆိုငြား တကယ်တမ်း ညီတော် ကနောင်မင်းသားရဲ့ အကြံအစည်နှင့် လုံ့လတွေက အများကြီးပါဝင်ခဲ့တယ်ဆိုတာ မငြင်းသာပါဘူး။ ရတနာပုံနေပြည်တော် မတည်ထောင်မီ နောင်တော်ပုဂံမင်းရဲ့ ညံ့ဖျင်းတဲ့အုပ်ချုပ်မှုအောက်က ရုန်းထွက်ပုန်ကန်ခဲ့မှုမှာလည်း ကနောင်မင်းသားရဲ့ လက်ရုံးရည်၊ နှလုံးရည် ပါဝင်ခဲ့တယ်ဆိုတာကလည်း အသေအချာပါ။ တိုးတက်ခေတ်မီ ရတနာပုံနေပြည်တော် တည်ထောင်ပြီးတဲ့နောက် “သီရိပဝရ မဟာသုဓမ္မရာဇဘွဲ့ခံ” ရတနာပူရ အိမ်ရှေ့စံ ကနောင်မင်းသားကြီးအနေနဲ့ တိုးတက်ခေတ်မီတဲ့ နိုင်ငံတော်တည်ဆောက်ရေးအပိုင်းကို အထူးအလေးပေးဆောင်ရွက်လာတယ်။ ဒီလို အမြော်အမြင်ရှိစေတာကလည်း မြန်မာပြည်အောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက လက်နက်အားကိုးနဲ့ သိမ်းပိုက်ထားတာ သရက်မြေထဲအထိ ရောက်နေပြီမဟုတ်ပါလား။ အချိန်မရွေး အမြောက်တင်စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနိုင်တယ်ဆိုတာကိုလည်း မြေကြီးလက်ခတ်မလွဲ တွက်ဆထားပြီးသားပါ။ ဒါကြောင့် နောင်တော် မင်းတုန်းမင်းကြီးကလည်း တိုင်းရေး ပြည်ရေး၊ သံရေး တမန်ရေးအပြင် ဘာသာသာသနာထွန်းလင်းတောက်ပရေးအတွက်ထိ ဆောင်ရွက်နေသလို ညီတော်ကနောင်မင်းသားကလည်း ခေတ်မီတပ်မတော် တည်ဆောက်ရေး နှင့် စက်မှုနိုင်ငံထူထောင်ရေးကို အားစိုက်နေပါတယ်။"
ဆရာဆူးငှက် ရေးခဲ့သလိုပဲ ကနောင်မင်းသားဟာ စက်ရုံတွေ တည်ထောင်၊ လက်နက် ဗုံးတွေ ထုတ်လုပ်ခဲ့သလို နိုင်ငံခြား ပညာတော်သင်တွေကိုလည်း စေလွှတ်ခဲ့ပြီး စက်မှု ခေတ်မီနိုင်ငံ ထူထောင်ဖို့ ကြံစည်ခဲ့တဲ့ ခေါင်းဆောင်ပါ။ ဒါပေမဲ့ ဗိုလ်ချုပ်တို့ ပဒိုမန်းရှာတို့ စောဘဦးကြီးတို့ လုပ်ကြံခံခဲ့ရသလိုပဲ သူက လုပ်ကြံခံခဲ့ရတော့ မြန်မာ့ အနာဂတ်လည်း ရေတိမ်နစ်တော့တာပေါ့။ အခုလည်း တိုင်းပြည် တည်ဆောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထား ဖျောက်ထားပြန်ပြီလေ။
အဲလ်ဘတ်ကမူး အင်တာဗျူးနဲ့ ကနောင်မင်း အင်တာဗျူး
မြင်ကွန်း မြင်းခုံတိုင် လုပ်ကြံမှု၊ ကနောင်မင်း နတ်ရွာစံပုံတွေဟာ သမိုင်းမှာ ဖတ်ခဲ့ကကြရတာများပြီမို့ ထပ်မပြောလိုတောပါ။ ကနောင်မင်းသားကြီးရဲ့ တိုင်းပြည်တိုးတက်စေရေး အမြဲတွေးကြံနေပုံ မြင်ကွင်းတခုကို ဒီနေ့ ပြောပြပါမယ်။ လွန်ခဲ့တဲ့ နှစ်ရာကျော်က ပြင်သစ်ပြည် ဘောလုံးပွဲတခုမှာ စာရေးဆရာကြီး အဲလ်ဘတ်ကမူးရဲ့ အင်တာဗျူးကို ဒီနေ့ လူမှုကွန်ရက်မှာ တွေ့ရတယ်။ တွေ့ရခဲသပ တွေ့ခဲ့ရတာပေါ့။ အလားတူပဲ ကနောင်မင်းသားရဲ့ လွန်ခဲ့တဲ့ နှစ် ရာကျော်က အင်တာဗျူးကိုလည်း ဒီနေ့ ဖတ်ရတယ်။ သမိုင်းတစတန်ဖိုးရှိပ။ အဲလ်ဘတ်ကမူးက အမေးခံရတာပါ။ အဗျူးခံရတာပေါ့။ ကနောင်မင်းကတော့ သူက မေးတာပါ။ သူက အင်တာဗျူးသူပေါ့။
ကနောင်မင်းသားကြီး၏ အင်တာဗျူး
စာရေးဆရာ တင်နိုင်တိုးက အခုလို ရေးသားခဲ့ပါတယ်။
"အခု အမေးအဖြေကတော့ ကနောင်မင်းသားကြီးက သူသိလိုသမျှတွေကို အင်္ဂလိပ်သံအမတ် အာသာဖယ်ရာကို မေးမြန်းခဲ့တာပဲဖြစ်ပါတယ်။
ဖယ်ရာခေါင်းဆောင်တဲ့ ချစ်ကြည်ရေး သံအဖွဲ့ဟာ ၁၈၅၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ ကနောင်မင်းသားကြီးနဲ့ တွေ့ကြပါတယ်။ လွှတ်တော်နားက သီးသန့်ကွန်းထောက်ဆောင်ရဲ့ ဝါးကြမ်းခင်းပေါ်မှာ ကော်ဇောခင်းထားပါတယ်။ သလွန်ပေါ်မှာ အင်္ဂလိပ်တွေထိုင်သလို ခြေနှစ်ဖက်ချထိုင်ထားတဲ့ ကနောင်မင်းသားကြီးဟာ ရယ်ရယ်မောမော ရင်းရင်းနှီးနှီးနဲ့ ဖယ်ရာကို သူသိချင်တာတွေ တဆက်တည်း မေးပါတော့တယ်။
ကနောင်။ သေနတ်ကျည်ဆန်မှာ သုံးတဲ့ယမ်းကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။
ဖယ်ရာ။ အင်္ဂလန် (သို့) ဂျာမဏီနိုင်ငံက စတင်တီထွင်ခဲ့တယ်ဆိုတာ ကျနော်မသိပါဘူး။ ကျနော်တို့ရဲ့ စာအုပ်စာတမ်းတွေအရတော့ တရုတ်ပြည်မှာ ရှေးခေတ်ကတည်းက ရှိတယ်လို့ သိရပါတယ်။
အင်တာဗျူးစကားဝိုင်းထဲက အနီးမှာထိုင်နေတဲ့ ဝန်ထောက်က ဝင်ပြောပါတယ်။
ဝန်ထောက်။ သံအမတ်ကြီးက ဘယ်နိုင်ငံက သေနတ်ခဲယမ်းကို စလုပ်တာ မသိဘူးဆိုတာ အင်္ဂလန်နိုင်ငံကပဲ စတင်တီထွင်ခဲ့သယောင် ယူဆစေချင်လို့ မဟုတ်လား။
ဖယ်ရာ။ ဒီလိုမဟုတ်ရပါ။ သေနတ်ခဲယမ်းတွေကို စတင်ပေါ်ပေါက်ခဲ့တာနဲ့ သံသယဖြစ်စရာရှိလို့ အတိအကျမပြောတာပါ။
ဝန်ထောက်။ ဒါဆိုရင် ပထမဆုံးသေနတ်လက်နက်ကို ဘယ်အရပ်ဒေသမှာ တီထွင်ပေါ်ပေါက်ခဲ့ပါသလဲ။
ဖယ်ရာ။ သေချာမပြောနိုင်ပါ။ ဒါပေမဲ့ ပထမဆုံး အမြောက်ကို အင်္ဂလိပ်လူမျိုးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က စတင်အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတွေရှိပါတယ်။
ကနောင်။ မြန်မာဘုရင်မင်းမြတ်ပိုင် နယ်မြေထဲမှာ မြစိမ်းရောင်ဖြစ်ပေါ်စေတဲ့ တောင်တန်းကြီးတွေ အကြောင်း ကြားပြီးပြီလား။
ဖယ်ရာ။ ကြားပြီးပါပြီ အိမ်ရှေ့မင်း။ ဒါပေမဲ့ ကိုယ်တိုင်မမြင်ဖူးသေးပါ။
ကနောင်။ အခိုးအငွေ့တွေထွက်ပြီး လူတွေမောဟိုက် မူးမေ့သွားစေတတ်တဲ့ ရေတွင်းကို မြင်ဖူးသလား။
ဖယ်ရာ။ မမြင်ဖူးသေးပါ။
ကနောင်။ ကိုယ်တော်တို့နိုင်ငံမှာ အလွန်ထူးဆန်းတဲ့ သစ်ပင်တွေရှိတယ်။ ဒီသစ်ပင်ရဲ့ခွကြားမှာ အစဉ်မပြတ် ရေတသွင်သွင်စီးထွက်နေတယ်။
ဖယ်ရာ။ (ဝန်ထောက်ဘက်ကို လှည့်မေးလိုက်တယ်) ဘယ်လိုသစ်ပင်အမျိုးအစားပါလဲ။
ဝန်ထောက် – ဒီသစ်ပင်မျိုး နှစ်ပင်ရှိတယ်။ တပင်က ဝါဂွမ်းပင်ကြီး(Large Cotton tree) ပါ။
ကနောင်။ သံအမတ်ကြီးတို့ တိုင်းပြည်မှာရော အဲလိုသစ်ပင်မျိုး ရှိသလား။
ဖယ်ရာ။ မရှိပါ။ ကြားလည်းမကြားဖူးပါ။ ဒါပေမဲ့ အင်္ဂလိပ်မင်း ပိုက်နက်နယ်မြေတွေမှာ ထူးဆန်းအံသြဖွယ်ရာတွေ အများအပြားရှိပါတယ်။
ကနောင်။ မီးသင်္ဘောတွေကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။
ဖယ်ရာ။ အမေရိကန်နိုင်ငံက ဖြစ်ပါတယ် အိမ်ရှေ့မင်း၊ ရေနွေးငွေ့အားနဲ့ မောင်းနှင်တဲ့ အင်ဂျင်စက်ကို အင်္ဂလန်မှာ စတင်တီထွင်ခဲ့ပါတယ်။ ဒီအင်ဂျင်စက်ကို အမေရိကန်တွေက သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ကနောင်။ အင်္ဂလန်က အလွန်အေးမြတဲ့ နိုင်ငံတခု မဟုတ်လား။
ဖယ်ရာ။ မှန်ပါ အိမ်ရှေ့ကိုယ်တော်ကြီး၊ အင်္ဂလန်ရာသီဥတုက အလွန်အေးမြပြီး ဆောင်းဥတုမှာ ရေခဲတတ်ပါတယ်။
ကနောင်။ ဒီနေရာမှာ အင်္ဂလန်က တရုတ်ပြည်နဲ့ တူနေတယ်။ ပီကင်းမြို့တော်ကို သွားတဲ့ ကျွန်ုပ်သံအဖွဲ့ရဲ့ အဆိုအရ တရုတ်ပြည်ရာသီဥတုရဲ့အေးမြပုံက အလွန်ပဲကြောက်စရာကောင်းတယ်တဲ့ ။ အင်္ဂလန်ထက် ပိုအေးတဲ့နိုင်ငံတွေရော ရှိသလား။
ဖယ်ရာ။ အင်္ဂလန်ထက် ပိုအေးတဲ့နိုင်ငံ အများအပြား ရှိပါတယ်။
ကနောင်။ အဲဒီနိုင်ငံတချို့ရဲ့ အမည်တွေကို ပြောပြပါလား။
ဖယ်ရာ။ အင်္ဂလန်မြောက်ပိုင်း အိုက်စလန်နိုင်ငံနဲ့ အမေရိကန် မြောက်ဘက်ကမ်းရိုးတန်းတလျှောက်က အင်္ဂလန်ထက် ပိုအေးပါတယ်။
ကနောင်။ ရုရှားပြည်ရဲ့ ရာသီဥတုကရော အေးလား။
ဖယ်ရာ။ အလွန်တရာ အေးလှပါတယ်။
ကနောင်။ တချိန်တုန်းက နပိုလီယံ ရုရှားပြည်ကို ချဉ်းနင်းဝင်ရောက်တိုက်ခိုက်တာ ရာသီဥတုအေးလို့ တပ်ပျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။
ဖယ်ရာ။ နပိုလီယံရဲ့ စစ်တပ်တတပ်လုံးနီးနီး ရာသီဥတု အေးတဲ့ဒဏ်ကြောင့် သေကျေပျက်စီးခဲ့ကြပါတယ်။ နပိုလီယံကတော့ အသက်မသေဘဲ လွတ်မြောက်သွားတယ်။
ကနောင်။ နပိုလီယံက ဘယ်နိုင်ငံသားလဲ။
ဖယ်ရာ – (ပြင်သစ်) က ကော်ဆီကာကျွန်းမှာ မွေးတာ။
ဒီနေရာမှာ ဝန်ထောက်က နပိုလီယံ ကျွန်းကို နယ်နှင်ဒဏ်ပေးခံရတဲ့အကြောင်းဝင်ပြောတယ်။ သူလည်း အတော် ဗဟုသုတပြည့်စုံသူပါ။
ကနောင်။ အင်္ဂလန်နဲ့ အရင်းနှီးဆုံး နိုင်ငံက ဘယ်နိုင်ငံလဲ။
ဖယ်ရာ။ ပြင်သစ်ပြည်ပါ။ မဟာမိတ်တွေဖြစ်ပြီး စစ်တိုက်ရင် အတူ တဖက်တည်းရပ်တည် တိုက်ခိုက်ကြပါတယ်။
ကနောင်။ အင်္ဂလန်နဲ့ ပြင်သစ် ဘယ်လောက်ဝေးလဲ။
ဖယ်ရာ။ မိုင် ၂၀ လောက်ပဲ ဝေးလို့ မီးသင်္ဘောနဲ့ သွားရင် တနာရီကျော်ပဲ ကြာပါတယ်။
ကနောင်။ ဒါဆိုရင် နီးတာပဲ။ အင်္ဂလန်က ပြင်သစ်နိုင်ငံကို ကုန်းကြောင်းခရီးနဲ့ သွားလာမှု မရှိဘူးလား။
ဖယ်ရာ။ မရှိပါ အရှင်၊ အင်္ဂလန်ပြည်ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းတကျွန်းပါ။
ကနောင်။ ဘယ်နိုင်ငံက မီးသင်္ဘောပိုများလဲ။
ဖယ်ရာ။ အင်္ဂလန်နိုင်ငံက မီးသင်္ဘောအရေအတွက် ပိုများပါတယ်။ ပြင်သစ်နိုင်ငံကတော့ အင်အားကြီးမားတဲ့ ကြည်းတပ်ရှိပါတယ်။
ဝန်ထောက်က အင်္ဂလန်ဘုရင်မကြီး ပြင်သစ်သွားမဲ့ ကိစ္စဝင်ပြောရင်း ကြေးနန်းအကြောင်းရောက်သွားတယ်။
ကနောင်။ လျှပ်စစ်ကြေးနန်းအတတ်ကို တီထွင်တွေ့ရှိခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ။
ဖယ်ရာ။ ၁၀ နှစ် လောက် ရှိသွားပါပြီ။
ဒီနောက် ကနောင်မင်း ပြန်ကြွသွားလို့ အင်တာဗျူးလည်း ပြီးဆုံးသွားတယ်။
စက်မှုနိုင်ငံ ထူထောင်ရေး ဗဟုသုတ အမြဲရှာနေသူ
အထက်ပါ အမေးစကားတွေကို ကြည့်ရင် ကနောင်မင်းရဲ့ တိုင်းပြည်အတွက် တိုးတက်လိုဇော၊ သိလိုဇောတွေ၊ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်နိုင်ပါတယ်။
ဆရာ တင်နိုင်တိုးကတော့ "သမိုင်းထဲမှာ လူသေသွားပေမဲ့ နာမည်ကျန်နေရစ်ခဲ့သူတွေထဲမှာ ကနောင်မင်းသားကြီးလည်း တယောက်အပါအဝင်" လို့ ရေးထားပါတယ်။ တိုင်းပြည်တိုးတက်စေဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ အသက်မရှည်ရှာဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တူတော်တွေရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ကနောင်ကိုယ်တော်ကြီးဟာ ဉာဏ်ပညာအလွန်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ နိုင်ငံကို စက်မှုနိုင်ငံဖြစ်စေဖို့ သူကြိုးစားခဲ့တဲ့ ပညာတော်သင် အစီအစဉ်တွေ၊ တီထွင်မှုတွေနဲ့ တည်ဆောက်ခဲ့တဲ့ စက်ရုံတွေကိုကြည့်တာနဲ့ ဘယ်လောက်တော်ခဲ့ကြောင်း သိနိုင်ပါတယ်။ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ ကနောင်ကိုယ်တော်ကြီးဟာ အချိန်ရှိသရွေ့ နည်းလမ်းတွေကို စဉ်းစားနေတတ်သလို ဗဟုသုတတွေကို အမြဲရှာမှီးနေသူပါ။
အောင်ဆန်းသို့ရည် ကနောင်သည်လည်း အာဇာနည်
အောင်ဆန်းစုကြည် တည်ဆောက်ထားခဲ့သမျှကို သမ္မတလုပ်ချင်သော မင်းအောင်လှိုင်ကြောင့် ပျက်စီးနေရပြီ။ NLD အစိုးရလက်ထက် ငြိမ်းချမ်းခဲ့သလောက် အခုတော့ တပြည်လုံး မီးဟုန်းဟုန်းတောက်နေပြီ။
ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားခဲ့တဲ့ တိုင်းပြည်အနာဂတ် စည်းလုံးညီညွတ်မှုတွေဟာလည်း ရာထူးအာဏာမက်မော လုယူလိုတဲ့ ဦးစောရဲ့ လုပ်ကြံမှုကြောင့် မြန်မာပြည် ဝါးအစီးပြေခဲ့ရပြီ။ ပြည်တွင်းစစ်ပွဲ ကြီးထွားလာပြီး စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာရပြီ။
အလားတူ ကနောင်မင်းသားကြီးတည်ဆောက်ထားခဲ့တဲ့ ကုန်းဘောင်ခေတ် မြန်မာပြည် စက်မှုနိုင်ငံ တည်ဆောက်ရေးဟာလည်း မြင်ကွန်းမင်းသားရဲ့ အာဏာလုမှုကြောင့်ပဲ အလုံးစုံ ပျက်စီးသွားခဲ့ရပါတယ်။
ဒီမိုကရေစီ ရောင်နီပေါ်နေပြီဖြစ်တဲ့ မြန်မာ့အနာဂတ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းပြီး မအလ အာဏာသိမ်းလိုက်တဲ့အတွက် အလုံးစုံ ပျက်သုဉ်း သွားခဲ့ရသလို။
လင်းလက်နေတဲ့ မြန်မာ့အနာဂတ်ကို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာနဲ့အတူ အမှောင်ကာလ လမ်းပျောက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့သလို ကုန်းဘောင်ခေတ် မြန်မာပြည်ကို စက်မှုနိုင်ငံဖြစ်ဖို့ စီစဉ်နေတုန်း ၁၈၆၆ ခုနှစ် ဩဂုတ်လ ၂ ရက်မှာ အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရလို့ နတ်ရွာစံ သေဆုံးခဲ့ရတာဟာလည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ပါ သေဆုံးသွားခဲ့ရတာပါ။
ရာဇဝင်သမိုင်းမှာ ယှဉ်နှိုင်း ဆင်ခြင်စရာတွေပေါ့။ တရားသဖြင့် ဥပဒေအရ မဟုတ်ဘဲ အာဏာသိမ်း အာဏာလု နေရာလုလိုသော သူတွေ၊ လက်နက်အားကိုး စစ်အာဏာရှင်တွေ စဉ်းစားဆင်ခြင်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ကနောင်မင်းသားကြီးကို ဆုံးရှုံးခဲ့ရတာ နှစ်ပေါင်း ၁၆၀ ရှိပါပြီ။ ။











