
မှုန်ရီမှိုင်းပြ၊ ဇူလိုင်လတွင်
ဖခင်အောင်ဆန်း၊ ပြည်သူ့ပန်းလျှင်
ညှိုးနွမ်းမြေခ၊ ကျဆုံးရသည်
ဘဝ ကြွေပျက်ခဲ့ရှာတကား။ ။
(မင်းယုဝေ)
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အထူးလေးစားသူ၊ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုကဗျာတွေနဲ့ ဂုဏ်ပြုဆောင်းပါးတွေ ရေးသားခဲ့သူ အမျိုးသားစာပေဆုရှင် ကဗျာဆရာကြီး မင်းယုဝေဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်က ကွယ်လွန်သွားခဲ့တာမို့ အခု ၂၀၂၆ ဇူလိုင် ၂၉ မှာ ခွဲခွာသွားခဲ့တာ ၅ နှစ်ပြည့်ပါပြီ။
တို့ဖခင်လျှင်
ပြည်ခွင်ယိုင်နဲ့၊ အုပ်စိုးခဲ့သည့်
နယ်ချဲ့လက်အောက်၊ ဖက်ဆစ်အောက်မှ
လွတ်မြောက်ရအောင်၊ ဦးစီးဆောင်၍
ပြည်ထောင်သွေးသား၊ တိုင်းရင်းသားတို့
ရင်ကြားစေ့အောင်၊ ညီညွတ်အောင်လျှင်
စွမ်းဆောင်နိုင်ခဲ့ပါသည်တကား။ ။
(မင်းယုဝေ)
ငယ်စဉ်ကတည်းက စာပေ ကဗျာ ဝါသနာပါသူ
ဆရာကြီးဟာ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကြုံလို့ပြောရရင် မြို့တည်စက ကန်ထဲမှာ မီးတောက်လို့ ကန်မီးတောက်ရွာလို့ ခေါ်ဝေါ်ကြရာက ကန်ကြီးထောင့် ဖြစ်လာရတာပါ။ ဆရာကြီးဟာ အသက် ၇ နှစ်က ကန်ကြီးထောင့်ကနေ ပုသိမ်ကို ပြောင်းရွှေ့နေခဲ့တယ်။ သူဟာ စာဖတ်တာ၊ စာရေးတာကို ငယ်ငယ်ကစပြီး ဝါသနာပါခဲ့တယ်။ ၁၄ နှစ်သားကစ ကျောင်းစာစောင်တွေမှာ စတင်ရေးသားခဲ့သတဲ့။ အမျိုးသားကျောင်းဆရာ ဦးထွန်းရင်ရဲ့ အထက်တန်းကျောင်းသား ဘဝမှာပဲ ဆရာကြီးဦးထွန်းရင်က ဆရာမင်းယုဝေကို စာပေဝါသနာ မြေတောင် မြှောက်ပေးခဲ့တယ်။ ကန်ကြီးထောင့်မြို့ ကင်းထောက်လူငယ် လက်ရေးစာစောင်မှာ ဆရာ မင်းယုဝေ အယ်ဒီတာ လုပ်ခဲ့တယ်။ အဲ့သည်စာစောင်မှာ ကာတွန်းအောင်ရှိန် ဖြစ်လာမဲ့ ကိုအောင်ရှိန်ကလည်း ကာတွန်းဆွဲခဲ့တယ်။ ဆရာကြီးမင်းယုဝေနဲ့ ကာတွန်းအောင်ရှိန်တို့ဟာ ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြတယ်။ ငယ်သူငယ်ချင်းဆိုလို့ ကြုံတုန်းပြောဦးမယ်။ ကဗျာဆရာကြီး မင်းယုဝေလိုပဲ ကဗျာဆရာကြီး တင်မိုးကလည်း ငယ်သူငယ်ချင်းတွေ ရှိခဲ့တယ်။ ကဗျာတင်မိုးရဲ့ သူငယ်ချင်းကတော့ ကာတွန်းဆရာ မဟုတ်ဘူး။ မြင်းခြံနယ်သား တိုင်းမှူး ဗိုလ်ချုပ်တဦးပဲ။ အာဏာရှင်ကြီး ဦးနေဝင်းနဲ့ အစည်းအဝေးတခုမှာ တင်မိုး ကဗျာတပုဒ် ကောင်းကြောင်းပြောကြချိန် အဲ့ဒီတိုင်းမှူးဗိုလ်ချုပ်ကလည်း ကိုတင်မိုးနဲ့ကျနော်က ကျောင်းနေဖက် အတူတူဖြစ်ခဲ့ကြသဗျလို့ ဝင်ပြောလိုက်တယ်တဲ့။ ဒီအခါ ဗိုလ်ချုပ်နေဝင်းက တော်စမ်းပါကွာ။ ဟိုက ကဗျာဆရာကြီးကွ။ မင်းအဆင့်နဲ့များ သွားနှိုင်းနေသေးတယ်လို့ ပြန်အော်တာခံလိုက်ရလို့ ဇက်ပုသွားသတဲ့။ ဆရာကြီး မင်းယုဝေ ကလောင်အမည်ကွဲတွေဖြစ်တဲ့ ဂါမဏိ၊ နေဝင်းဝဏ်၊ ဝင်းမောင်ဆိုင်၊ ပုသိမ်ဖိုးကျား စတဲ့ ကလောင်အမည်တွေနဲ့ အဲ့သည်ကတည်းက စာတွေ ရေးခဲ့တယ်။ ကျောင်း စာပေပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်တွင်း ၁၉၄၄ ခုနှစ် အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်းမှာ ပုသိမ်ခရိုင် အာရှလူငယ်ညီလာခံ လူငယ်စာပေပြိုင်ပွဲမှာ “ပြုပြင်သွန်သင်ကြလော့” ဆောင်းပါးနဲ့ ပထမဆုရခဲ့တယ်။ ဆရာကြီးဟာ ခေတ်စမ်းကဗျာစာအုပ်နဲ့ တခြား ကဗျာတွေကို စံနမူနာယူပြီး ခုနစ်တန်း အရွယ်ကတည်းက ကဗျာတွေ စရေးနေခဲ့ပြီ။ စစ်ပြီးခေတ် အမျိုးသားကျောင်း ၁၀ တန်းမှာ ပုသိမ်မြို့ရှေ့နေကြီး ဦးပုက ဆရာ မင်းယုဝေကို မြန်မာကဗျာဖွဲ့နည်း သင်ပေးခဲ့တယ်။ ၁၉၄၆ ခုနှစ် ပုသိမ်မြို့ အမျိုးသား အထက်တန်းကျောင်းက ၁၀ တန်းအောင်ခဲ့တယ်။
နိုင်ငံအသစ်၊ ပြည်ထောင်သစ်တည့်
လူသစ်စိတ်သစ်၊ ပေါ်ထွန်းသစ်အောင်
ဦးဆောင်ထူးကဲ၊ စွမ်းဆောင်ဆဲတွင်
သူလျှင်မြေခ၊ ကျဆုံးရသော်
တသမဆုံး၊ တပြည်လုံးလျှင်
ယူကျုံးမရ ဖြစ်ခဲ့၏။
(မင်းယုဝေ)
မင်းသုဝဏ် ကျေးဇူးကြောင့် မင်းယုဝေ ကလောင်အမည်ယူခြင်း
ဆရာကြီး မင်းယုဝေ ကွယ်လွန်ခြင်း ၅ နှစ်ပြည့်မှာ သူ့အကြောင်း ရေးမယ်ကြံတော့ သူ့စာပေဟောပြောပွဲတွေကို ပြန်မြင်တယ်။ အသက် ၈၀ ကျော်အထိ ကိုယ်တိုင်ရေး ကဗျာတွေရွတ်ပြီး အသံကောင်းကောင်းနဲ့ ဟောပြောခဲ့တာကို သတိရတယ်။ ဒီကဗျာတွေထဲက ဗိုလ်ချုပ်အောင်ဆန်းကဗျာကို ဖော်ပြလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ကလေးကလား မလေးမစား စော်စော်ကားကား ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို ဖျက်နေချိန်နဲ့လည်း တိုက်ဆိုင်နေလို့ပါ။ ဆရာမင်းယုဝေ တက္ကသိုလ်တက်ချိန် စာနယ်ဇင်းတွေကို စာ ၊ ကဗျာတွေ ရေးပို့ခဲ့တာပါ။။ ၁၉၄၈ ခုနှစ် ရှုမဝမဂ္ဂဇင်းမှာ “မိခင်အသို့နေမည်နည်း” ကဗျာကို စတင်ဖော်ပြခံရတယ်။ တာရာမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၅ က “နှုတ်ခမ်းနီ” ဝတ္ထုတိုဟာ ဆရာကြီးမင်းယုဝေရဲ့ ပထမဆုံးဝတ္ထုတိုပါ။ သူ ရန်ကုန်တက္ကသိုလ်မှာတက်တုန်း ဆရာကြီးဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်တို့ရဲ့ တပည့်ရင်းတယောက် ဖြစ်လာခဲ့တယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကျေးဇူးကြောင့် ကဗျာလောကထဲကို ခြေချခွင့်ရခဲ့တာမို့ ကလောင်အမည်ကို “မင်းယုဝေ” လို့ ပေးခဲ့တယ်။
အိုအဆွေတို့
ငါတို့ဖခင်၊ ကျေးဇူးရှင်ကို
တို့လျှင်ချစ်ကြ၊ မြတ်နိုးကြလျှင်
ဖခင်ပေးထား၊ အမွေများတည်း
ရိုးသားဖြောင့်မတ်၊ နှလုံးမြတ်နှင့်
လွတ်လပ်မျှတ၊ ကျင့်စဉ်လှသား
မတရားမှုမှာ၊ ဆန့်ကျင်ပါ၍
ပကာသန၊ ဖယ်ခွာချလျှက်
ချစ်ကြရင်းနှီး၊ သွေးစည်းပြီးလျှင်
စည်းစိမ်မခံ၊ အနေမှန်လည်း
ပြည်ဝန်အကျိုး၊ ကိုယ့်အကျိုးတည်း
အကျိုးနှစ်ဖြာ၊ ပြည့်စုံပါအောင်
သူငါဆောင်စို့၊ အဆွေတို့။
ဖခင်အမွေတို့ ပွားစေဖို့။ ။
(မင်းယုဝေ)
မင်းယုဝေရဲ့ ပထမဆုံး လုံးချင်းကဗျာ စာအုပ်
ခေတ်စမ်း ကဗျာလောကမှာ ထင်ရှားကျော်ကြားတဲ့ ဆရာကြီးမင်းသုဝဏ်နဲ့ ဆရာကြီးဇော်ဂျီတို့ရဲ့ အနီးကပ် ဖြစ်လာတဲ့အခါ ကဗျာရေးစိတ် ပိုပြင်းထန်လာတယ်။ ၁၉၄၉ ခုနှစ် ဒုတိယနှစ် ဥပစာတန်းမှာ ထုတ်ဝေခဲ့တဲ့ “ဘဝမာယာကဗျာများ” စာအုပ်ဟာ ပထမဆုံး လုံးချင်းစာအုပ်ပါ။ ဒီစာအုပ်ကို ဆရာကြီး မင်းသုဝဏ်က တည်းဖြတ်ပေးပြီး အမှာစာ ရေးပေးခဲ့တယ်။ စာအုပ်ထွက်တဲ့အခါ ဆရာ ဒဂုန်တာရာက တာရာမဂ္ဂဇင်းမှာ ဝေဖန်စာရေး အားပေးခဲ့တယ်။ ကဗျာဆရာမ ငွေတာရီက ဟံသာဝတီ သတင်းစာက တဆင့် ဝေဖန်စာရေး ကြော်ငြာပေးခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်က ဆရာမင်းယုဝေနဲ့ ဆရာမ ငွေတာရီ တွဲပြီး “ရတနာကဗျာ” စာအုပ် ဟံသာဝတီစာအုပ်တိုက်က ထုတ်ဝေခဲ့တယ်။ ဒီစာအုပ်ကို ဆရာကြီးမင်းသုဝဏ်က တည်းဖြတ်ပေးပြီး ဆရာကြီးဇော်ဂျီက အမှာစာရေးပေးတယ်။ ၁၉၅၁ ခုနှစ်မှာ ဆရာကြီး မင်းယုဝေဟာ ရန်ကုန်တက္ကသိုလ်ကနေ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပါဠိစာတို့နဲ့ ဝိဇ္ဇာဘွဲ့ ရတယ်။ ဆရာကြီးဟာ ၁၉၅၂ ခုနှစ်မှာ ကဗျာဆရာမ ငွေတာရီနဲ့ လက်ထပ်ခဲ့တယ်။ ဘဝမာလာ ကဗျာများ၊ အီစွတ်ပုံပြင်များ၊ ကျဉ်းထဲကျပ်ထဲ၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာပုံပြင်များ၊ ကဗျာဆရာမကြီး ငွေတာရီနဲ့ တွဲဖက်ထုတ်ဝေတဲ့ ရတနာကဗျာများ၊ ကဗျာဆရာကြီး မင်းသုဝဏ်နဲ့တွဲဖက်ထုတ်ဝေတဲ့ ကဗျာပရိယာယ် စတဲ့ စာအုပ်တွေက စာရေးဆရာကြီး မင်းယုဝေရဲ့ ထင်ရှားတဲ့စာအုပ်တွေ ဖြစ်ပါတယ်။
ရိုးရိုးအကြောင်းအရာကို အတွေးအမြင်ဖြင့် ကဗျာဖွဲ့သူ
‘ကျဆုံးသူ’
အကြိုက်မညီ၊ မတူသည်ကို
မကြည်မသာ၊ ရန်မာန်ရှာ၍
ငါနှင့်မတူ၊ ငါ့ရန်သူဟု
မှတ်ယူငြင်ငြို၊ အမျက်သိုက
ထိုသူကျဆုံးရမည်တကား။ ။
(မင်းယုဝေ)
ကဗျာရဲ့ အစွမ်းကြောင့် ပရိသတ်ရင်မှာ နှစ်သက်တဲ့ ရသကို ခံစားကြရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အဲ့သည်ကတဆင့် ဘဝအသိ အာနိသင် နှစ်သက်တဲ့ ရသကို ခံစားနိုင်ပြန်သတဲ့။ ဘဝအသိ အာနိသင် နှစ်သက်မှုကို ကဗျာရေးသူရဲ့ စေတနာအခံရှိပြီး ရေးဖွဲ့တဲ့ အကြောင်းအရာ ဖြစ်မှပဲ ရရှိနိုင်သတဲ့။ ကဗျာကောင်းတပုဒ်ရဲ့ ရသကို ဘယ်သူမဆို ခံစားနိုင်ကြတာပါ။ ကဗျာကောင်းကိုဖတ်ပြီး နှစ်သက်တဲ့ ခံစားမှုကတဆင့် မေ့မရအောင် စွဲကျန်ရစ်ခဲ့တဲ့ ဘဝအတွေးအမြင်တွေကို ရနိုင်ကြပါတယ်။ ကဗျာဆရာကြီး မင်းယုဝေဟာ လောကကို ချစ်ခင်တွယ်တာတတ်တဲ့ ကရုဏာစိတ် မေတ္တာစိတ်တွေနဲ့ ရှုကြည့်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ ငြိမ်းချမ်းသာယာရေး၊ လူ့အခွင့်အရေး ရရှိရေးတွေကို ဦးတည် ရေးဖွဲ့တတ်ပါတယ်။ သူရဲ့ကဗျာတွေက ဒိဋ္ဌလောကကို အခြေခံပြီး စေတနာကောင်းကို အားပြုပြီး ရိုးရိုးနဲ့ မွန်မွန်မြတ်မြတ် စိတ်အလှဆီ ဦးတည်လို့သာ ရေးဖွဲ့ထားပါတယ်။ ဆရာကြီး မင်းယုဝေ ကဗျာတွေဟာ အတွေးအမြင်တွေ ပါနေတယ်။ အတွေးအမြင်တွေဟာ ကဗျာဖတ်သူတွေကို အကျိုးပြုပါတယ်။ သူ့ကဗျာတွေဟာ သာမန်ဖြစ်ရပ်လေးတွေပေါ်မှာပဲ ထူးထူးခြားခြား အတွေးပေါပြီး အဲ့သည် အတွေး နောက်ကို ရိုးရိုးရှင်းရှင်း သိမ်သိမ်မွေ့မွေ့နဲ့ ဖတ်သူစိတ်ကို ဖြည်းဖြည်းချင်း ဆွဲဆောင်စည်းရုံးထားတဲ့ အတွေးအမြင် အရေးအသားတွေပါပဲ။
နေ့စဉ် တွေ့နေကျ လက်ဖက်ရည်ကြမ်းကို ဆရာက ကဗျာရေးဖွဲ့တဲ့အခါ
WHO ကနေ့ ကမ္ဘာ့ ကျန်းမာရေးအကောင်းစေဆုံး အရည် ၆ မျိုး သတ်မှတ်တယ်လို့ ဆရာကြီးက စာပေဟောပွဲတခုမှာ ပြောခဲ့တယ်။ အဲ့သည် ၆ မျိုးထဲမှာ လက်ဖက်ရည်ကြမ်းက ကျန်းမာရေးကောင်းဖို့ သောက်သုံးလို့ အသင့်တော်ဆုံး ဖြစ်သတဲ့။ ကမ္ဘာက မြန်မာ့ဘိုးဘွားတွေရဲ့ ရေနွေးကြမ်းကို ဂုဏ်တင်တဲ့အခါ သူကိုယ်တိုင်လည်း လက်ဖက်ရည်ကြမ်း အမြဲသောက်တဲ့ ဆရာကြီးက အဲ့ဒီ သာမန်ဖြစ်ရပ်လေး အပေါ်မှာပဲ ထူးထူးခြားခြား အတွေးပေါ်ပြီး အဲ့သည် အတွေးနောက်ကို ရိုးရိုးရှင်းရှင်း ကဗျာစပ်လိုက်တယ်လို့ ဆိုပါတယ်။ သူ့အသက် ၈၆ နှစ်တုန်းက လက်ဖက်ရည်ကြမ်း ကဗျာကို စာပေ ဟောပြောပွဲမှာ ရွတ်ပြခဲ့တာပါ။
‘လက်ဖက်ရည်ကြမ်း’
ဘိုးဘွားစဉ်ဆက်၊ တို့လက်ထက်ထိ
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို
လက်ကမ်း၍သာ၊ သောက်သုံးလာသည်
မြန်မာဓလေ့၊ တို့ကြည်မွေ့။
ခေတ်သစ်ကမ္ဘာ၊ ဆေးပညာကား
ကျန်းမာရေးတွက်၊ ဆေးတလက်ဟု
လက်ဖက်ရည်ကြမ်း၊ ဂုဏ်ရည်စွမ်းကို
ဖော်ညွှန်းထုတ်ပြ သုတေသန။
ထိုသောအခါ၊ စာဆိုငါလျှင်
ဝမ်းသာအားတက်၊ လွန်နှစ်သက်၍
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို
ဝမ်းမြောက်ဝမ်းသာ၊ သောက်သုံးရာမှ
မြေမှာလျှောင်းသွား၊ တို့ဘိုးဘွား၏
ကြီးမားကျေးဇူး၊ ဂုဏ်ရည်ထူးကို
ချီးကျူးမိပါသည်တကား။ ။
(မင်းယုဝေ)
ဆရာ၏ ဘဝအားမာန် ကဗျာတပုဒ်
၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် လူသိန်းချီ သေဆုံး သန်းချီ ဒုက္ခရောက်ခဲ့ကြရတယ်။ ဒီလို သေကျေဒုက္ခ ရောက်ခဲ့ကြတာကို စစ်အစိုးရက မကူညီပဲ အတင်းအဓမ္မ ၂၀၀၈ ဖွဲ့စည်းပုံကိုကျတော့ အတည်ပြုလိုက်ကြတာ မှတ်မိကြဦးမှာပါ။ စစ်တပ်က အခု ၂၀၂၅ ရွေးကောက်ပွဲမှာမှ အဓမ္မမဲပေးခိုင်းခဲ့တာမဟုတ်ပါ။ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံကိုလည်း အတင်းအကျပ် မဲပေးခိုင်းခဲ့ဖူးပါတယ်။ အဲ့သည် နာဂစ်မုန်တိုင်းကြီးက အိမ်တွေ ပြို၊ သစ်ပင်ကြီးတွေ လဲပြိုကြတာလည်း မနည်းပါပဲ။ ဆရာကြီး မင်းယုဝေက နာဂစ်ကြောင့် ရန်ကုန် တက္ကသိုလ်ရဲ့ အထင်ကရ သက်တမ်း နှစ်တရာကျော်လောက်ရှိတဲ့ သစ်ပုပ်ပင်ကြီး ပြိုလဲမကျသွားတာကို ခွန်အားရစေတယ်လို့ ပြောခဲ့ပါတယ်။ သက်တမ်း ၁၀၀ သစ်ပင်ကြီးတောင် မုန်တိုင်းဒဏ်ကြံ့ကြံ့ ခံနိုင်သေးရင် ငါ ၈၆ နှစ်သားလည်း ကြံ့ကြံ့ခံနိုင်ရမှာပေါ့လို့ တွေးခဲ့ဖူးသတဲ့။ သူက သစ်ပုပ်ပင်ကြီးကို ကဗျာစပ်ခဲ့တယ်ဆိုပြီး ကိုယ်တိုင် ရွတ်ပြပါတယ်။
‘အို . . . သစ်ပုပ်ပင်ကြီး’
အမိတက္ကသိုလ်၏
စိမ်းစိုမြေတွင်၊ အသွင်ခန့်ငြား
ဂုဏ်ကြီးမားသည့်၊ ထူးခြားခိုင်ဖြီး
အို . . . သစ်ပုပ်ပင်ကြီး ။
ခေတ်အဆက်ဆက်ပင်
သင်မှာထင်ပေါ်၊ နှံ့သိကျော်၍
ကျောင်းတော်သူများ၊ ကျောင်းတော်သားတို့
သင့်အားရှုလျှက်၊ အားမာန်တက်ကာ
နှစ်သက်အားရ၊ မြတ်နိုးကြသည်
ချီးပမဆုံး ရှိကြ၏။
အချို့ကလည်း
သင်၏အလှ၊ မြတ်နိုးကြ၍
တဝရှုငေး၊ ပန်းချီရေး၏။
တချို့ကလည်း
အံ့ချီးမကုန်၊ သင်၏ဂုဏ်ကို
စွမ်းကုန်ပြောကြ၊ ရေးဖွဲ့ကြ၏။
အချို့ကလည်း
အလှပြည့်လျှမ်း၊ သင့်အသွင်ဆန်းကို
မှတ်တမ်းတင်လိုက်၊ ဓာတ်ပုံရိုက်၏။
အို . . . သစ်ပုပ်ပင်ကြီး
ထီးတည်းရှည်ကြာ၊ ရှင်သန်ပါ၍
သင့်မှာတွေ့ကြုံ၊ ဖြစ်ရေးစုံကို
အကုန်သိမြင်သည်တကား။
အခုအခါ၊ နာဂစ်မုန်တိုင်း
ရိုင်းစိုင်းဝင့်ကြွား၊ တိုက်ခိုက်သွား၍
အခြားသစ်ပင်၊ အပင်ပင်တည်း
ပင်ကြီးပင်ငယ်၊ အသွယ်သွယ်တို့
မြေဝယ်လဲကျ၊ လျောင်းခဲ့ရလည်း
အလှဝေဖြာ၊ အသင့်မှာမူ
ခိုင်စွာရပ်တည်၊ ရှိနေသည်ကို
ငါသည်တွေ့ရ၊ အံ့ချီးရ၍
ငါ့မှာအားသစ်၊ ဖန်ဖန်ဖြစ်သည်
စိတ်သစ်လူသစ် ဖြစ်သည်တကား။ ။
(မင်းယုဝေ)
ဆရာကြီး မင်းယုဝေ၏ အထ္ထုပ္ပတ္ထိ
အမည်ရင်းက ဦးဝင်းမောင်ပါ။ ၁၉၂၈ ခုနှစ် စက်တင်ဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့က ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့မှာ ဦးထွန်းဆိုင်၊ ဒေါ်သင်တို့က မွေးဖွားတယ်။ ၁၉၄၆ ခုနှစ်မှာ ပုသိမ်မြို့ အမျိုးသားအထက်တန်းကျောင်းက ၁ဝ တန်း အောင်ပြီး ရန်ကုန်တက္ကသိုလ်က ၁၉၅၁ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့ရတယ်။ ၁၉၅၅-၁၉၅၆ ခုနှစ်မှာ ဗြိတိသျှကောင်စီ ပညာသင်ဆုရပြီး လန်ဒန်မှာ အရှေ့တိုင်းနှင့် အာဖရိကဘာသာရပ်များ လေ့လာရေးကျောင်းတက်ပြီး အဘိဓာန် ပညာရပ်ကို သင်ယူတယ်။ ဆရာကြီးမင်းယုဝေဟာ ပြန်ကြားရေးဌာန၊ အထက်တန်းဘာသာပြန်အရာရှိ (၁၉၅၁)၊ အင်းစိန်ခရိုင်ပညာအုပ်၊ စာပေဗိမာန်စာပြု (၁၉၅၂)၊ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာန၊ လက်ထောက်စာတည်း၊ ငွေတာရီမဂ္ဂဇင်း တည်ထောင်သူနဲ့ တာဝန်ခံအယ်ဒီတာ (၁၉၆ဝ-၁၉၆၈)၊ ပြန်ကြားရေးဝန်ကြီးဌာန စာနယ်ဇင်း ကော်ပိုရေးရှင်း၊ မြဝတီအယ်ဒီတာချုပ် (၁၉၆၈-၁၉၇၉) တာဝန်တွေကို အဆင့်ဆင့် ထမ်းဆောင်ပြီး ၁၉၇၉ ခုနှစ်မှာ အငြိမ်းစားယူခဲ့တယ်။ စာပေဗိမာန်အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ ပညာရေးဌာန မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ကျောင်းသုံးစာအုပ်ကော်မတီ အဖွဲ့ဝင်၊ ရုပ်ရှင်ဆင်ဆာ အဖွဲ့ဝင်တို့အဖြစ် ပါဝင်ဆောင်ရွက်ခဲ့တယ်။ မြတ်မင်္ဂလာစာစောင် အယ်ဒီတာချုပ်လည်း ဖြစ်တယ်။ ဆရာကြီးမင်းယုဝေဟာ ဒေါ်ခင်ရီ (ကဗျာဆရာမ ငွေတာရီ) နဲ့ လက်ထပ်ပြီး သမီး ဒေါက်တာခင်ရီဝင်း ထွန်းကားခဲ့တယ်။ ငွေတာရီ ကွယ်လွန်ပြီးနောက် ဒေါ်ခင်ဝင်းရီနဲ့ လက်ထပ်ပြီး သား ဦးသက်ဝင်း ထွန်းကားခဲ့တယ်။ မြေး လေးယောက် ထွန်းကားခဲ့တယ်။
ဆရာကြီးမင်းယုဝေ ရေးသားဖော်ပြခဲ့တဲ့ ကဗျာ၊ ပုံပြင်၊ ဆောင်းပါး၊ ဝတ္ထုတို၊ ခေါင်းကြီး၊ ဘာသာပြန် ပုဒ်ရေပေါင်း ၁၆,ဝဝ ကျော် ရှိခဲ့တယ်။ မင်းယုဝေ အပြင် တခြား ကလောင်ခွဲ ၁၀ မျိုးနဲ့လည်း ရေးသားခဲ့တယ်။ မင်းယုဝေ ရေးသားတဲ့ လုံးချင်းစာအုပ်တွေထဲမှာ ငွေတာရီနဲ့ ပူးတွဲဘာသာပြန် 'ကမ္ဘာကျော် အီစွပ်ပုံပြင်များ' စာအုပ်ဟာ ၁၉၅၄ ခုနှစ်က စာပေဗိမာန်ဘာသာပြန်ဆု ရတယ်။ 'ရေခပ်ချိန်ကဗျာများ' စာအုပ်နဲ့လည်း ၁၉၇၂ ခုနှစ် အမျိုးသားစာပေဆု (ကဗျာ)ဆု ရခဲ့တယ်။ ဆရာမင်းယုဝေကို တက္ကသိုလ်တင်မောင်ထွေးက ၂ဝဝ၅ ခုနှစ်မှာ 'နတ်ရေကန်ရွှေစောင်းဆု' ချီးမြှင့် ခဲ့သလို ဓမ္မဗိမာန်ကလည်း ၂ဝဝ၆ ခုက 'တသက်တာ ဓမ္မစာပေဆု' ချီးမြှင့် ခဲ့သေးတယ်။ ၂ဝ၁၂ ခုနှစ်က 'တသက်တာစာပေဆု' ရခဲ့တယ်။ ဆရာကြီးမင်းယုဝေဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က ၉၃ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အခုဆို ၅ နှစ်ရှိပါပြီ။
‘နေဝင်တော့မည် အိုနှမ’
နေဝင်တော့မည်၊ ကောင်းကင်ဆီဝယ်
နေခြည်အရောင်၊ တိမ်အရောင်သည်
ညိုရောင်ယှက်သမ်း၊ နေလေပြီ။
အိုဘယ့်နှမ၊ ချစ်နှမငဲ့
မြစ်မကမ်းဘေး၊ ထိုင်ကာငေး၍
လွမ်းဆွေးမနေပါနှင့်တော့။
ယခုပင်လျှင်၊ ရေအိုးငင်၍
ရေစင်အပြည့်၊ ခပ်ပါဘိ။
ရေခပ်ပြီးသော်
ခရီးလမ်းမှာ၊ မောပမ်းလာသော
သူငါအများ၊ ခရီးသွားကို
ကြီးမားမေတ္တာ၊ စေတနာဖြင့်
ကြည်သာချိုမွှေး၊ သင့်ရေအေးကို
တိုက်ကျွေးပြုပါ့ အိုနှမ ။ ။
မင်းယုဝေ (၁၉၆၆ ငွေတာရီမဂ္ဂဇင်း)
ဆရာကြီး မင်းယုတွေ ကွယ်လွန်တဲ့ ငါးနှစ်မြောက်မှာ သူ့ရဲ့ အထက်ပါ ကဗျာလိုပါပဲ အချိန်တိုင်း နေဝင်သွားနိုင်တဲ့ လူ့ဘဝမှာ ထိုင် ငိုင် တွေး ငေးနေရင် အကျိုးမရှိပါ။ နိုင်စွမ်းသမျှ လူသားအလုပ်တွေကို ကိုယ်စီလုပ်ကြပြီး ရလာတဲ့ အကျိုးရလာဒ်တွေနဲ့ လူ့အဖွဲ့အစည်းကို လုပ်ကျွေးပြုစုကြစေ ချင်ပါတယ်။ ဒါဟာ ဆရာကြီး မင်းယုဝေရဲ့ ကဗျာထဲကရတဲ့ အတွေးအမြင် ဒဿနပါ။ အထူးပြုပြီး ထပ်ပြောချင်တာကတော့ အခု နွေဦးတော်လှန်ရေးမှာ ဆိုရင်လည်း အချိန်ဟာ အရေးကြီးလှပါတယ်။ တွေးတော ငေးမောပြီး တခြားသူတွေကို အားမရ စိတ်အားတွေ ကျနေတာက တော်လှန်ရေးကို ဆုတ်ယုတ်စေပါတယ်။ ကိုယ်နိုင်သမျှ စွမ်းသမျှ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးကို (ကိုယ်တိုင်) အားကုန်ဝင်နွှဲပြီး အောင်ပွဲတွေကို ယူဆောင်ပြီး မြန်မာပြည်သူလူထုအတွက် လွတ်လပ်ခွင့်တွေကို ရယူပေးကြပါ။ ဒါတွေဟာ ကဗျာဆရာကြီး မင်းယုဝေရဲ့ ကဗျာတွေထဲက ဒဿနတွေပါပဲ။ ။










