DVB Logo
Home
Lead Story
အာဇာနည်နေ့အကြို အာဇာနည်ရုပ်တုတွေဖြို 
DVB
·
July 18, 2026
Design-DVB
Design-DVB
Donate to DVB

ညအမှောင်ခို

ရုပ်တုဖြို

စစ်ဗိုလ်တွေလား

မာဖီးယား

ခွဲခြားသိလိုကြပါ၏ ။ ။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေနဲ့ အမှတ်တရ လက္ခဏာတွေ ဖျက်ဆီးခံရတာ များလာနေပြီး အခု ၂၀၂၆ ခုနှစ်မှာ ပိုများလာတယ်။ အထူးသဖြင့် ဇူလိုင်လ ၁၉ ရက်နေ့ ၇၉ ကြိမ်မြောက် အာဇာနည်နေ့ နီးလာချိန်မှာ လွတ်လပ်ရေး ဖခင်ကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုတွေ ဖျက်ဆီးဖြိုချတာတွေကို စစ်အာဏာရှင်က ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တချို့မြို့တွေမှာဆိုရင် အာဇာနည် ၉ ဦး စလုံးရဲ့ ရုပ်တုတွေကို ဖြိုလှဲ ဖျက်ဆီးခဲ့ပါတယ်။ အများပြည်သူတွေက တောင် ပြောနေကြပါပြီ။ စစ်တပ်ဟာ မီးစတဖက် ရေမှုတ်တဖက်တဲ့။ တဖက်က ဗိုလ်ချုပ် ရုပ်တုတွေကို အကာလ ညအခါ အမှောင်ထဲမှာ ဖြိုချနေသလို တဖက်ကလည်း အာဇာနည်နေ့ပွဲကို ဟန်ပြပြင်ဆင်နေတာလို့တောင် ဆိုနေကြပါပြီ။

 

အာဇာနည်နေ့အကြို အာဇာနည်ရုပ်တု ဖြိုပွဲများ

သတင်းစာတွေမှာ အာဇာနည်နေ့အကြို နံရံကပ်စာစောင် ကဗျာ၊ ဆောင်းပါး ဝတ္တုတိုပြိုင်ပွဲတွေ ကျင်းပနေကြောင်း ရေးသားဖော်ပြနေကြတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည် ၉ ဦးရဲ့ အဆို အမိန့်တွေကိုလည်း ဖော်ပြဝေဆာနေကြတယ်။ ဒါပေမဲ့ ဟန်ပြပါပဲ။ တဖက်မှာတော့ အာဇာနည်ရုပ်တုတွေ၊ အာဇာနည်ရင်ပြင်တွေကို ဖျက်ဆီးနေပါတယ်။ NLD အစိုးရလက်ထက် တည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကြေးရုပ်တွေကို နိုင်ငံတလွှား ဆက်တိုက်ဖယ်ရှား ဖျက်ဆီးနေကြတာပါ။ အချိန်တိုတွင်း ကြေးရုပ် ၂၀ ကျော် ဖယ်ရှားခံထားရပြီလို့ မှတ်တမ်းတွေက ပြဆိုနေကြပါတယ်။

 

ငါတို့ရဲ့ အာဇာနည်ရုပ်တုတွေကို 

ဖြိုချနေတာဟာ

ပြည်သူတွေကို စိန်ခေါ် နေရုံမက 

မင်းတို့ အကြမ်းဖက် တပ်ရဲ့သမိုင်းကိုပါ

မင်းတို့ကိုယ်တိုင် ဖြိုချတက်နင်း 

ခြေမွဖျက်ဆီးပြနေတာပါပဲ။

မင်းတို့တခုဖြိုရင်

ငါတို့ဆယ်ခု ပြန်ဆောက်မယ်။ ။

စောဝင်းမောင်

 

ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးပွဲများ

မကွေးတိုင်း မင်းဘူးမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဟာ ဇူလိုင် ၅ ရက် ညပိုင်း လျှပ်စစ်မီးတွေ ပြတ်သွားချိန်မှာ ပျောက်ဆုံးသွားခဲ့တယ်။ မိုးလင်းကျမှမရှိတော့တာကို သိကြသတဲ့။ ပဲခူးတိုင်း ဇီးကုန်းမြို့မှာလည်း အာဇာနည် ၉ ဦး ရုပ်တုတွေကို ဇူလိုင် ၆ ရက် ညမှာ စစ်တပ်က ဘက်ဟိုး ၃ စီးနဲ့ ဖြိုဖျက်ခဲ့တယ်။ ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်နားက အာဇာနည် ရုပ်တု နေရာကိုလည်း ဘက်ဟိုးတွေနဲ့ ဖြိုဖျက်သယ်ဆောင်သွားခဲ့တယ်။ ရွှေပြည်သာမြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုလည်း ဇူလိုင်လ ၃ ရက် ညက ဖယ်ရှားသွားခဲ့တယ်။ မကွေးတိုင်း သရက်ခရိုင် ကံမမြို့မှာလည်း ဇူလိုင် ၅ ရက် ညက တမြို့လုံး မီးဖြတ်ထားချိန်မှာ ထွေအုပ်နဲ့ ရဲက လုံခြုံရေးယူထားပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ပေါက်ချွန်းတွေနဲ့ ဖြိုဖျက် သယ်ဆောင်သွားတယ်။

တောင်တွင်းကြီးမှာလည်း ဇူလိုင်လ ၅ ရက် ညက ဗိုလ်ချုပ်ပန်းခြံ အာဇာနည်ရင်ပြင်က ဗိုလ်ချုပ် အပါအဝင် အာဇာနည် ၉ ဦးရဲ့ ရုပ်တုတွေကို ဖယ်ရှားခဲ့တယ်။ မကွေးတိုင်း ရေစကြိုမြို့၊ ဧရာဝတီတိုင်း မအူပင်မြို့နဲ့ ကျုံပျော်မြို့၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပနဲ့ သာကေတတို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တွေကိုလည်း ဆက်တိုက်ဖယ်ရှားခဲ့တယ်။ တခြား စစ်ကိုင်းတိုင်း ရေဦးမြို့၊ ပဲခူးတိုင်း တောင်ငူမြို့၊ နေပြည်တော် ပုဗ္ဗသီရိမြို့၊ ပဲခူး၊ ပုသိမ်နဲ့ သာစည်မြို့တွေက ဗိုလ်ချုပ်ရုပ်တုတွေ အထိမ်းအမှတ်ရင်ပြင်တွေကိုလည်း စစ်တပ်က ဖယ်ရှား၊ ဖြိုဖျက်ခဲ့တယ်။

 

ငါတို့ရဲ့ စံပြခေါင်းဆောင် 

ယုံကြည်မြတ်နိုး 

ချစ်ခင်လေးစား အားထားရတဲ့ 

ပြည်သူ့အသဲကို ဖမ်းဆီးထောင်ချ 

သတင်းဖျောက်ထားနေတာမှ အားမရ

သူမရဲ့ ဖခင် 

လွတ်လပ်ရေးရဲ့ဖခင် 

ပြည်သူတွေရဲ့ နှလုံးသား 

ဗိုလ်ချုပ်ရုပ်များကိုလည်း ဖြိုဖျက်ပစ်နေတယ်။ ။ 

စောဝင်းမောင်

 

ဗိုလ်ချုပ်ရုပ်တုတွေ ဖြိုဖျက်နေကြောင်း စစ်အာဏာရှင်ဝန်ခံ 

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ဖြိုဖျက်နေတယ်လို့ စစ်အာဏာရှင်သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူက ဇူလိုင် ၁၁ ရက်က ဝန်ခံခဲ့ပါတယ်။ ကြေးရုပ်ရဲ့အချိုးအစားနဲ့ ပုံသဏ္ဌာန်တွေ မမှန်တဲ့ ရုပ်တုတွေကို ဖြိုဖျက်နေတာလို့ ဆိုပါတယ်။ စစ်အာဏာရှင် ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သူ့ရဲ့ Dr.Khaing Khaing Soe တယ်လီဂရမ်အကောင့်ကနေ ဝန်ခံ ရေးသားဖော်ပြခဲ့တာပါ။

"လက်ရှိမှာ အချို့ဒေသများရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို ဖယ်ရှားနေသည်ဟု မီဒီယာ အချို့တွင် ဖော်ပြနေသည်ကို တွေ့ရှိရပါတယ်။ အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲအချိုးအစားနဲ့ ပုံသဏ္ဌာန်မမှန်ကန်သည့် ရုပ်တုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်" လို့ ရေးသား ဖော်ပြထားတယ်။

တရားလွှတ်တော်ရှေ့နေတဦးကတော့ “ဖျက်ဆီးခွင့်ရှိတယ်၊ မရှိဘူးဆိုတာ ဥပဒေတော့ မရှိဘူး။ ဒါပေမဲ့ ဒီကြေးရုပ်ပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲဖြစ်ဖြစ် လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရက ပြုပြင်၊ ရွှေ့ပြောင်း၊ ဖျက်ဆီးဖို့အတွက် လိုအပ်တယ်လို့ ယူဆရင် ပြုလုပ်ခွင့်ရှိတယ်ဆိုတာကတော့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ အဓိကကျတဲ့ ရုပ်တုတွေ သူတို့မထားချင်တဲ့ နေရာမှာ ရှိနေတဲ့၊ ထားထားတဲ့ အရာတွေကို သူတို့က ဖျက်ချင်တာ။ ဒါပေမဲ့ အဲဒီ ၂ ခု ၃ ခုတည်းကိုပဲ သူတို့က ဖျက်လိုက်ရတယ်ဆိုတဲ့ အခါမျိုးကျတော့ ပြောစရာဖြစ်မှာစိုးလို့ အဆင်မပြေတဲ့ ရုပ်တုတွေကိုပါ ရှာကြံပြီးတော့ လိုက်ဖျက်တယ်။ အမှန်ကတော့ ဖျက်ဆီးချင်လို့ကို ဖျက်ဆီးတာ။ အဲဒီလိုပဲ သတ်မှတ်ရမှာပဲ။ သူတို့ပြောတဲ့ အကြောင်းပြချက်က မခိုင်လုံဘူး” လို့ တုန့်ပြန် ပြောခဲ့ပါတယ်။

 

ရွေးတု သမ္မတကလည်း ရုပ်တုတွေ ဖျက်ဖို့ ညွှန်ကြားသတဲ့

ဇွန်လက လုပ်ခဲ့တဲ့ နေပြည်တော် အစည်းအဝေးမှာ စစ်အာဏာရှင် ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို NLD လက်ထက် စိုက်ထူထားတဲ့ ဗိုလ်ချုပ် ရုပ်တုတွေအားလုံး ဖြိုချဖယ်ရှားဖို့ နှုတ်မိန့်ပေးခဲ့ကြောင်း သိရတယ်။ NLD လက်ထက် ဗိုလ်ချုပ် ရုပ်တုတွေကို ခိုးကြောင်ခိုးဝှက် ဖြိုချဖျက်ဆီးနေတာဟာ NLD နဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မုန်းတီးစိတ်တွေကြောင့်လို့ ပြည်သူတွေက ယူဆနေကြတယ်။

 

ဗိုလ်ချုပ်ရုပ်တုတွေ ဖျက်ဆီးနေတာကို NLD အရေးယူမယ်

ဗိုလ်ချုပ် ရုပ်တုတွေကို ဖျက်ဆီးနေတဲ့အပေါ် ထိထိရောက်ရောက် အရေးယူမယ်လို့ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့နေ့ရက် ၇၉ နှစ်မြောက် အာဇာနည်နေ့မတိုင်ခင် တပတ်လောက် အလိုမှာပဲ NLD ပါတီက ကြေညာပါတယ်။ အခုလို ဖြိုချဖျက်ဆီးမှုတွေဟာ အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး သွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်းသင်္ကေတနဲ့ အထောက်အထားတွေကို ဖျက်ဆီးနေတာသာမက ပြည်သူလူထုရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုး ဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလုပ်ရပ်တွေကို လုပ်ဆောင်ဖို့ ညွှန်ကြားသူတွေ၊ ပူးပေါင်းပါဝင်သူနဲ့ အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးခြင်းဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်းရဲ့ သင်္ကေတ၊ အထောက်အထားတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေတာ ဖြစ်တဲ့အတွက် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်ချက်မှာ ပါရှိတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးကလည်း “သူခိုးသူဝှက်လို လုပ်တဲ့ပုံစံမျိုးနဲ့ သူတို့ကို ဘာမှခုခံနိုင်ခြင်းမရှိတဲ့ ဒီရုပ်တုကို ညသန်းခေါင်သန်းလွှဲမှာ လာဖျက်ကြတဲ့ကိစ္စ အပေါ်မှာတော့ ဒီလုပ်ရပ်က အစိုးရလို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားတဲ့သူ စီမံခန့်ခွဲနေတဲ့ ဌာနဆိုင်ရာတွေအနေနဲ့ အင်မတန်မှ အောက်တန်းကျတယ်၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု သူတို့ကိုယ်တိုင်လည်း မရှိသလို လူထုကြည်ညိုလေးစားတဲ့ ရုပ်တုကို လူထုရှေ့မှာ မဖျက်ရဲဘူးဆိုတဲ့ အခြေအနေလို့ ကျနော်တို့ မြင်တာပေါ့။ အဓိကကတော့ အဖေက လိမ္မာယဉ်ကျေးစွာရှိဖို့ အဆင့်အတန်းရှိဖို့ ဘယ်လိုပဲ ပြုပြင်ထိန်းကျောင်းပေးပေး သားဆိုးသားမိုက်တွေ အတွက်ကတော့ ဒီအဖေ့ရဲ့ပုံရိပ်ကို မြင်တိုင်းမြင်တိုင်း ထမင်းလုံး တစ္ဆေခြောက်သလို ခံစားရလို့ ဗိုလ်ချုပ်ရဲ့ပုံကို ဖျက်ဆီးတယ်လို့ ရိုးရိုးရှင်းရှင်း မြင်ရပါလိမ့်မယ်” လို့ ပြောထားပါတယ်။

 

အာဇာနည်ရုပ်တုတွေ ဖျက်ဆီးတာဟာ ဥပဒေချိုးဖောက်ခြင်းဖြစ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အမျိုးသားရေးအထိမ်းအမှတ်နဲ့ အများပြည်သူပိုင် အမွေအနှစ်တွေအဖြစ် ထိန်းသိမ်းရမှာဖြစ်ပြီး ဖျက်ဆီးတာ ဒါမှမဟုတ် ဖယ်ရှားတာဟာ အတွေးအခေါ် ယဉ်ကျေးမှု နိမ့်ကျတဲ့လုပ်ရပ် ဖြစ်ကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ကျူးလွန်မယ်ဆိုရင် ပြစ်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ရာကျကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) က ထုတ်ပြန်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေဟာ အမျိုးသားရေး အထိမ်းအမှတ်နဲ့ အများပြည်သူပိုင် အမွေအနှစ်တွေ ဖြစ်တာကြောင့် ဖျက်ဆီး၊ ဖယ်ရှားတာဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၅ အရ “အကျိုးဖျက်ဆီးမှု” မြောက်နိုင်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ BLC က ဇူလိုင် ၂ ရက်က ထုတ်ပြန်ထားခဲ့ပါတယ်။

BLC အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က “တိုင်းပြည်ရဲ့ ထင်ရှားတဲ့ ဥသျှောင်ပုံရိပ်ကို ဖျက်ဆီးတာက ပြည်သူတွေရဲ့ နှလုံးသားကို ခြေမွှတာပဲ။ ဆက်တိုက် ဆက်တိုက် ကြားလာတဲ့ အခါကျတော့ ဒါက သာမန်ကိစ္စတော့ မဟုတ်တော့ဘူး။ အဲ့တော့ ဥပဒေအရ ကြည့်တဲ့အခါမှာ ဘာပဲပြောပြော အများပြည်သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့၊ ဆက်စပ်နေတဲ့ကိစ္စ ဖြစ်တယ်။ ပျက်စီးအောင်၊ ဆုံးရှုံးသွားအောင်၊ ပျောက်ပျက်သွားအောင်၊ ဖျောက်ဖျက်တယ် ဆိုတဲ့ ကိစ္စရပ်တွေက အကျိုးဖျက်ဆီးမှုဆိုတဲ့ ဥပဒေရဲ့ တားမြစ်ချက်နဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ပြောလို့ရတာပါ” လို့ ပြောပါတယ်။

 

အာဇာနည် အထိမ်းအမှတ်တွေ ဘာကြောင့်ဖျက်

ပြည်သူပြည်သားတွေ၊ ရဟန်းတော်တွေနဲ့ ပညာရှင်တွေရဲ့ တိုးတိုးကျယ်ကျယ် ပြောကြားသံတွေကတော့ စစ်အာဏာရှင်တွေဟာ သမိုင်းကြောင်းကို ပြောင်းလဲချင်နေတာလို့ ဆိုပါတယ်။ အထူးသဖြင့် အတုအယောင် ၂၀၂၅ ရွေးကောက်ပွဲကတဆင့် ကိုယ့်ကိုယ်ကိုယ် သမ္မတခန့်အပြီးမှာ ဗိုလ်ချုပ်ရုပ်တုအပါအဝင် အာဇာနည်ပုံရိပ်တွေကို စတင်ဖယ်ရှားရင်း နောက်ပိုင်းမှာ အဆုံးစွန်အထိ အရှိန်မြှင့်တော့မယ်ပုံပါပဲ။ ဗိုလ်ချုပ်သမိုင်း အာဇာနည်တွေရဲ့ သမိုင်း ပုံရိပ်တွေကို ဆက်လက် ဖျောက်ဖျက်နေပါပြီ။ ခေတ်အဆက်ဆက် ကျောင်းသားသမိုင်း၊ နိုင်ငံရေးပါတီတွေရဲ့ သမိုင်းပုံရိပ်တွေကိုပါ ဖယ်ရှားနေတာပါ။ တပြိုင်တည်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သမိုင်းကိုပါ လူထုရင်ထဲကဖယ်ထုတ် ဖျောက်ဖျက်နေပါပြီ။ ကျူပင်ခုတ် ကျူငုတ်မကျန်ရ ဆိုသလို ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပတ်သက်တဲ့ အလံ၊ အမှတ်အသား၊ သင်္ကေတတွေကိုလည်း ကွယ်ပျောက်အောင် ဖယ်ရှားရှင်းလင်းနေပါပြီ။ အနောက်ရွှေဂုံတိုင်လမ်းရှိ NLD ဌာနချုပ်က ပါတီအမှတ်တံဆိပ်တွေကို ဇွန်လ ၁၃ ရက်က ဖယ်ရှားခဲ့တယ်။ တဆက်တည်းပဲ ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်အိမ်ဝင်ပေါက်မှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်ပုံနဲ့ ဆိုင်းဘုတ်လည်း ဇွန် ၁၄ ညမှာ ခိုးကြောင်ခိုးဝှက် ဖယ်ရှားခံလိုက်ရတယ်။ အာဇာနည် ဗိုလ်ချုပ် ပုံရိပ်တွေကို ဖျောက်နေသလို သမီးဖြစ်သူ လူထုရဲ့ အသည်းစွဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောင်ဝင်စာတွေခွင့်မပေး၊ ရှေ့နေနဲ့ တွေ့မပေးပဲ လူမြင်ကွင်းက ဖျောက်ထားတာပါပဲ။

ရုပ်တုတွေ ဖျောက်ဖျက်ပစ်သူများကတော့

အာဇာနည်တွေကို ဘယ်လိုချစ်နိုင်ကြမှာလဲ

ဟိုးအတိတ်ကလို

အာဇာနည်ကြီးတွေကို

ဥဩသံတွေနဲ့ နိုင်ငံအနှံ့

တလေးတစား ဦးညွှတ်ဂုဏ်ပြုနိုင်ကြဖို့

အာဇာနည်တိုင်း သမိုင်းမသေကြောင်း

သက်သေပြပေးနိုင်ဖို့တွေကတော့

ဒီနွေဦးခရီး အောင်ပွဲနဲ့ပြီးမှ ဖြစ်လိမ့်မယ်။             

သီအိုဇော်

 

စစ်အာဏာရှင် မကြိုက်တာ ငါတို့လုပ်မည်

၇၉ နှစ်မြောက် အာဇာနည်နေ့ရောက်တော့မည်။ အာဇာနည်နေ့ နီးကပ်လာတိုင်း အာဇာနည်ကြီးတွေရဲ့ ကြေးရုပ်တွေ၊ အထိမ်းအမှတ်တွေ၊ ဓာတ်ပုံတွေ၊ ပန်းခြံတွေကို ပြုပြင် မွမ်းမံ ခြယ်သကြရလေ့ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ မပြုပြင်တဲ့အပြင် ဖျက်ဆီးပစ်နေပါပြီ။ ဒါကြောင့် ဇူလိုင် ၁၉ ရက်မှာ အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီးကို ကျနော်တို့ ပြည်သူတွေက ပြုလုပ်ကြရပါမယ်။ စစ်အုပ်စုဟာ သမိုင်းအမှန်တွေကို ဖျောက်ဖျက်၊ သမိုင်းတုတွေကို တည်ဆောက်ပြီး ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေဆီ ဝါဒမှိုင်းသွင်းဖို့ ကြိုးစားနေပါတယ်။ နိုင်ငံအနှံ့ အာဇာနည်ရုပ်တုတွေကို ဖြိုချဖျက်ဆီးပြီး၊ အောင်ဆန်းရဲ့ သံမဏိစိတ်ဓာတ်နဲ့ အာဇာနည်ကြီးတွေရဲ့ စိတ်ဓာတ်တွေကို ကွယ်ဝှက်ဖို့လည်း ကြိုးစားလို့နေပါတယ်။

ဒါပေမဲ့ စစ်အုပ်စု အနေနဲ့ ရုပ်တုတွေကိုသာဖြိုဖျက်နိုင်ပေမဲ့ အာဇာနည်တို့ရဲ့ လက်ဆင့်ကမ်းလာခဲ့တဲ့ သမိုင်းဝိညာဥ်နဲ့ လွတ်လပ်လိုစိတ်တွေကိုတော့ ဘယ်အမိန့်အာဏာနဲ့မှ ဖျက်ဆီး ဖျောက်ဖျက်နိုင်မှာ မဟုတ်ပါ။ အာဇာနည်စိတ်ဓာတ်ဆိုတာက လွတ်လပ်ရေးနဲ့ တရားမျှတမှုကို တောင့်တတဲ့ လူထုရဲ့ ဆန္ဒတွေနဲ့ တည်ဆောက်ထားတာပါ။ စစ်အာဏာရှင်က မလုပ်စေချင်တဲ့ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ အလေးပြုပွဲတွေကို ကျနော်တို့ ရောက်ရာနေရာတိုင်းမှာ ပြုလုပ်ကြပါမယ်။ စွမ်းရာနည်းလမ်းတွေနဲ့လည်း တိုက်ပွဲဝင်ကြရမယ်။ လက်ရုံးရည် နှလုံးရည် နည်းလမ်းပေါင်းစုံနဲ့ အာဇာနည်သမိုင်းဖျောက် စစ်အာဏာရှင်ကို နွေဦးတော်လှန်ရေးနဲ့အတူ ပူးတွဲတိုက်ပွဲဆင်ကြရပါမယ်။ 

အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦး အပါအဝင် ခေတ်အဆက်ဆက် လွတ်လပ်ရေး၊ တန်းတူရေးနဲ့ ဒီမိုကရေစီအတွက် ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သတ္တိဂုဏ်၊ ကျေးဇူးဂုဏ်တွေဟာ ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်နေမှာ အသေအချာပါ။ အာဇာနည်သူရဲကောင်း တွေရဲ့ သတ္တိဂုဏ်၊ ကျေးဇူးဂုဏ်တွေဟာ ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်နေဖို့လည်း ကျနော်တို့ မျိုးဆက်အားလုံး၊ အင်အားစုအားလုံး စုစည်းညီညွတ် တိုက်ပွဲဝင်ကြပါစို့လို့ ၇၉ နှစ်မြောက် အာဇာနည်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ။

မောင်တူး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013