
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လမ်းကြောင်းပိတ်ဆို့မှုနဲ့ စစ်ရေး အခြေအနေတွေကြောင့် စက်သုံးဆီဈေးနှုန်းဟာ ပုံမှန်ထက် ၅ ဆခန့်အထိ မြင့်တက်သွားတာကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ဘေးရှောင် သောင်းနဲ့ချီဟာ အငတ်ဘေးဆိုက်မဲ့အရေး စိုးရိမ်နေကြရပါတယ်။
ကရင်နီပြည်ရဲ့ စစ်ရှောင်အများဆုံးရှိရာ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဓာတ်ဆီတလီတာ ဈေးနှုန်းဟာ ငွေကျပ် ၁၅,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး အချို့နေရာတွေမှာ ဝယ်ယူဖို့တောင် ခက်ခဲနေပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနဲ့ ဓာတ်ဆီဈေး အဆမတန်မြင့်တက်မှုကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးကာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ပုံမှန်ထက် ၂ ဆကနေ ၃ ဆအထိ မြင့်တက်နေတာပါ။
ဒီးမော့ဆိုဒေသခံတယောက်က “အခြေခံစားသောက်ကုန်တွေကအစ ဈေးလိုက်တက်နေတာ။ တချို့ဟာတွေဆို မဝင်တော့ဘူး အဲဒီလိုမျိုးတွေပေါ့။ တချို့ကားတွေဆို မလာတော့ဘူး ဆီဈေးတက်လို့ဆိုပြီး ဒီဘက်ကို။ ကုန်ကားတွေက သူတို့လည်း နားသွားကြတဲ့ အနေအထားတွေ ရှိတယ်ဆိုတော့ ရှိတဲ့ကားတွေကလည်း ဈေးကဇွတ်တက်လာကြတာပေါ့။ အခြေအနေက ဆိုးလာဖို့ပဲ ရှိတယ်” လို့ ပြောပါတယ်။
အခြေခံရိက္ခာ ဆန်တအိတ်ကို အရင်က ၈၅,၀၀၀ ဝန်းကျင်ကနေ အခုအခါ ၁၅၀,၀၀၀ ခွဲကျော်အထိ မြင့်တက်သွားပြီး၊ စားအုန်းဆီ တပိဿာ ၂၀,၀၀၀ ကျပ် အထက်မှာ ရှိနေပါတယ်။ ဒါဟာ ပုံမှန်ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်မိသားစုတွေအတွက် လက်လှမ်းမမီနိုင်တဲ့ ပမာဏတွေ ဖြစ်နေပါတယ်။
စားနပ်ရိက္ခာတင်မကဘဲ စက်သုံးဆီဈေးကြောင့် သယ်ယူပို့ဆောင်ခတွေပါ မြင့်တက်နေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးဝယ်ယူရေးအပိုင်းမှာပါ စစ်ရှောင်တွေဟာ အခက်အခဲတွေ ကြုံတွေ့နေရပြီး အထူးသဖြင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့မှုဒဏ်ကို စတင်ရင်ဆိုင်နေရပြီလို့ မြေပြင်ကူညီပေးသူတွေက ဆိုပါတယ်။
စစ်ရှောင်တယောက်က “အရင်တုန်းက အသားဟင်း တပတ်မှာ တရက်လောက် စားနိုင်ရင် အခုဆို မစားနိုင်တော့ဘူး။ ဟင်းသီးဟင်းရွက်တွေလည်း စျေးတက်၊ အကုန်လုံးကုန်စျေးနှုန်းတွေလည်းတက်၊ ဆန်စျေးဆိုလည်းတက်၊ အရင်တုန်းက ဆန် ၂၄ ပြည်အိတ်ဆိုရင် ၁၀၀,၀၀၀ ပေါ့ အခုကတော့ ၁၀၀,၀၀၀ လည်း ကျော်သွားပြီဆိုတော့ အရာရာ အကုန်လုံးကို ခြိုးခြံချွေတာပြီး စားသုံးနေရတယ်” လို့ ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ သတိပေးချက်အရ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ စားအုန်းဆီ နဲ့ ဆားတို့ရဲ့ ပျမ်းမျှစျေးနှုန်းဟာ ၁၉ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာခဲ့ပါတယ်။
ဒါ့အပြင် လူဦးရေ ၁၂ သန်းကျော်ဟာ ဝမ်းရေးဒုက္ခနဲ့ ရင်ဆိုင်နေရပြီး ၁ သန်းလောက်ကတော့ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ်အခြေအနေထိ ခံစားနိုင်ရတယ်လို့ သတိပေးထားပါတယ်။










