DVB Logo
Home
မြန်မာသတင်း
သိမ်ဇရပ်တွင် လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရ၊ စစ်တပ်ဗုံးကြဲသဖြင့် တနင်္သာရီဒေသခံများ တိမ်းရှောင်နေရ
DVB
·
July 18, 2024
သိမ်ဇရပ်တွင် လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရ၊ စစ်တပ်ဗုံးကြဲသဖြင့် တနင်္သာရီဒေသခံများ တိမ်းရှောင်နေရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၃၁၀ ကနေ တိုက်ပွဲမရှိဘဲ ဇူလိုင် ၁၆ ရက် ည ၈ နာရီခွဲက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက် ရွာလေးပိုင်းမှာရှိတဲ့ သစ်စက်တခုပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သစ်စက်ရုံထဲက သစ်စက်အလုပ်သမားတွေ ဖြစ်တဲ့ အသက် ၂၀ အရွယ် ကိုဟိန်းဝေအောင်နဲ့ အသက် ၄၀ အရွယ် ကိုဇော်အောင်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သိမ်ဇရပ်မြို့ခံတဦးက “ညဘက်ကြီး တိုက်ပွဲလည်းမရှိဘဲ လက်နက်ကြီးနဲ့ပစ်တာပါ။ စစ်တပ်က စစ်တောင်းမြစ်ကမ်းက‌ ရွာတွေဘက်ကပစ်တာ၊ ဘယ်လိုဖြစ်ပြီး ရပ်ကွက်လာကြလဲ မသိဘူး။ လက်နက်ကြီးက သူတို့က နေ့တိုင်းလိုလို ပစ်နေကြတာပဲလေ။ အခုက ၂ ယောက် ဒဏ်ရာရတယ်။ ကိုဇော်အောင်ကတော့ နည်းနည်းစိုးရိမ်ရတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ကိုဟိန်းဝေအောင်နဲ့ ကိုဇော်အောင်တို့ကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သူတို့ထဲက ဒဏ်ရာစိုးရိမ်ရတဲ့ ကိုဇော်အောင်ကို ပဲခူးဆေးရုံကြီးကို ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။

သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်ထဲကို ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်တာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက စွပ်စွဲပြောဆိုပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သူတို့လုပ်တာ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “စစ်တပ်ကပစ်တာ ဟုတ်လား မဟုတ်လား ဆိုတာတော့ ကျနော်တို့ သေချာမသိဘူး။ ဒါပေမဲ့ ကျနော်တို့ ဒီဘက်က ဘယ်တော်လှန်ရေးတပ်ဖွဲ့ကမှ သွားမပစ်သလို တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ ပြီးတော့ လက်နက်ကြီးက သူတို့ ဒီဘက်တွေကို နေ့စဉ်ပစ်ခတ်နေကြပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ကားတစီးနဲ့ နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

တနင်္သာရီမြို့နယ်၊ အနောက်သရဖုံကျေးရွာမှာလည်း စစ်ကောင်စီဘက်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် နေ့လယ် ၃ နာရီလောက်မှာ အနောက်သရဖုံကျေးရွာနဲ့ ပဝကျေးရွာကို စစ်ကောင်စီဘက်က K_8W ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်ခံရပြီးတဲ့နောက် အနောက်သရဖုံကျေးရွာက ဒေသခံ ၁၀၀ ကျော်နဲ့ ပဝကျေးရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အနောက်သရဖုံရွာခံတဦးက “တိုက်ပွဲမဖြစ်ဘဲ လေကြောင်းနဲ့ လာပစ်တာမို့လို့ ရွာသားတွေ တော်တော်ကြောက်သွားတာ။ တချို့က နီးစပ်ရာ ဆွေမျိုးဆီ တိမ်းရှောင်နေရတယ်။ တချို့ကလည်း ဥယျာဥ်ခြံတွေဆီ တိမ်းရှောင်နေရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း အနောက်သရဖုံကျေးရွာကို စစ်ကောင်စီက Mi 2 ရဟတ်ယာဥ်နဲ့ ဗုံးသီး ၇ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ၉ တန်းကျောင်းသားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အနောက်သရဖုံကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဥယျာဥ်ခြံလုပ်ငန်း လုပ်ကိုင်နေတဲ့ရွာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013