DVB Logo
Home
မြန်မာသတင်း
မုန်းမြို့နယ်၌ စစ်ဘေးရှောင်ကလေးများ  ဝမ်းရောဂါ၊ အရေးပြားယာယံရောဂါဖြစ်ပြီး ဆေးဝါးပြတ်
DVB
·
July 17, 2024
မုန်းမြို့နယ်၌ စစ်ဘေးရှောင်ကလေးများ  ဝမ်းရောဂါ၊ အရေးပြားယာယံရောဂါဖြစ်ပြီး ဆေးဝါးပြတ်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေ၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်း မုန်းမြို့နယ်အတွင်းက စစ်ဘေးရှောင် ကလေးငယ်တွေအပါအဝင်  ဝမ်းရောဂါ၊ အရေးပြားယားယံ ဆေးဝါးပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

မုန်းမြို့အတွင်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ ခမရ ၄၃၉ နဲ့  ခမရ ၃၀၇ တပ်ရင်းကနေ  နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

စစ်‌ရှောင်ပြည်သူတွေဟာ မိုးကာလ မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးတာ၊ သုံးစွဲနေရတာကြောင့် ဝမ်းရောဂါဖြစ်ပွားတာ၊ ခြင်ကိုက်တာတွေကြောင့် အရေးပြားရောဂါတွေပါ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။

“မိုးတွင်းကာလ ဝမ်းရောဂါတခုတည်းမဟုတ်ဘူး။ ကလေးလူကြီးတွေ အသားအရေယားယံတာ အဖုတွေဖြစ်တယ်။ သူတို့တိမ်းရှောင်တဲ့ နေရာတွေမှာ ရေမသန့်တာကော၊ ခြင်ကြောင့်လည်း ရှိတယ်။ သောက်သုံးရေတွေအပေါ်မှာတော့ ခုဏက ဝမ်းရောဂါတခုနဲ့ အရေးပြားယားယံတာတို့ အဖုတွေထွက်တာတို့ အဲဒါတွေကတော့ တောင်ခြေမှာ တော်တော်များများလေ တောထဲမှာ ရှောင်တဲ့ စစ်ရှောင်တွေဖြစ်တယ်။ ကျေးရွာထဲမှာရှောင်တဲ့ စစ်ရှောင်တွေကတော့ နည်းနည်း သက်သာတယ်။ စစ်ရှောင်တွေ အခက်အခဲတွေ ရှိတယ်။”

ဒါအပြင် ရောဂါဖြစ်ပွားနေတဲ့ စစ်ရှောင်တွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ စစ်ကောင်စီ တပ်စခန်းတွေက ဆေးဝါးသယ်ယူခွင့်မပြုတာတွေကြောင့် ဆေးဝါးပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီတပ်စခန်းတွေက ဆေးသယ်ယူခွင့်မပေးတာကြောင့် လိုအပ်တဲ့ဆေးဝါး အနည်းအကျဉ်းကို ဖြတ်လမ်းတွေကနေ ကြံဖန်ပြီး သယ်ယူရတာတွေရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတဦးက “ဆေးဝါးကတော်တော်လေး အခက်အခဲရှိတယ်လေ။  ဒီဘက်အခြမ်းတွေ ဆေးဝယ်ဖို့အတွက်လည်း သွားလာတာ။ ဖြူးတို့ ကညွတ်ကွင်းတို့ တက်မယ်ဆိုရင် ဒီဘက် ၄၃၉ စခန်းမှာ ဆန်တောင်မှ ကားထဲမှာဖြစ်ဖြစ်ဖွက်ထားပြီးတော့ သယ်လာရတယ်။ ဆေးဆိုတော့ ပိုဆိုးတာပေါ့။ ဆေးကတော့ သူတို့တွေ့ရင် လုံးဝကိုမရဘူး။ မြို့ထဲက ဝယ်လာတဲ့ဆေးတွေက ဒီဘက်ကို သယ်လို့မလွယ်ဘူး။ ဖွက်ပြီးတော့ပဲ အနည်းအကျဉ်းလေးလောက် ဖြတ်လမ်းတွေကပဲ ကြံဖန်ပြီးလုပ်နေရတယ်”လို့ ပြောပါတယ်။

ဇူလိုင် ၈ ရက်က  KNU တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၂၆၄၊ ခမရ-၄၃၉ တပ်တွေက မစ်ဇိုင်းဒုံးပစ်ခတ်တာ၊ လက်နက်ကြီးအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် နေရာမှာတင်သေဆုံးပြီး  စာသင်ကျောင်းနဲ့ လူနေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့စောင့်ကြည့်ပျံသန်းတာတွေအပြင် လမ်းပန်းဆက်သွယ်ရေးကြောင့် ရောဂါဖြစ်ပွားသူ ကလေး၊ လူကြီးစာရင်းကို အတိအကျစာရင်းမပြုစုနိုင်သေးဘူးလို့ စစ်ရှောင်အရေးကူညီပေးနေ သူတွေက ပြောပါတယ်။

KNU ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန အတွင်းရေးမှူး စောစကိုင်းက “ လွန်ခဲ့တဲ့အပတ်က ဆေးဝါးပစ္စည်းတွေပို့ထားတာ ရှိတယ်။ ခရိုင်တွေ အရေးပေါ်လိုအပ်ချက်အတွက် သုံးဖို့အတွက် ခရိုင်အတွင်းကိုရောက်ပြီလို့ ထင်တယ်။ follow up ပြန်ပြီးတော့ မေးကြည့်ရမယ်။ ရောက်မယ်လို့ ထင်တယ်။ စစ်ရှောင်တွေရဲ့ လူထုတွေ ကျန်းမာရေးဝန်ဆောင်မှုတွေ ဘယ်လိုရရှိလည်း ရရှိပြီးလား မရသေးဘူးလား။ ကျနော်တို့ ပြန်မေးကြည့်လိုက်ပါမယ်”လို့ ပြောပါတယ်။

တပ်မဟာ ၃ နယ်မြေအတွင်း စစ်အာဏာသိမ်းချိန်ကစပြီး  ၂၀၂၄ ခုနှစ် ဧပြီလအထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရသူ ၄ သိန်းကျော်ရှိပြီး စစ်ရှောင် ပြည်သူတွေဟာ မိုးကာလနေထိုင်ရေးအပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့  စစ်ဘေးရှောင် အရေးကူညီပေးနေသူတွေက ပြောပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013