DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့တွင်  ဖုန်းလိုင်းပြတ်တောက်ပြီး မိသားစုများ အဆက်မသွယ်မရဖြစ်နေ 
DVB
·
July 17, 2024
သံတွဲမြို့တွင်  ဖုန်းလိုင်းပြတ်တောက်ပြီး မိသားစုများ အဆက်မသွယ်မရဖြစ်နေ 
Donate to DVB

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဖုန်းလိုင်းပြတ်တောက်နေပြီး  အဆက်အသွယ်လုပ်မရလို့ မြို့မှာ ထွက်မပြေးဘဲ ကျန်ခဲ့သူတွေအတွက် အဝေးရောက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

တိုက်ပွဲတွေကြောင့် ဖုန်းတာဝါတိုင်တွေ ပျက်စီးတာ၊ လိုင်းပြတ်တောက်တာအပြင် အာရက္ခတပ်တော် (AA) က ဖုန်းတွေကို သိမ်းဆည်းထားတာကြောင့် ကျန်ခဲ့သူတွေနဲ့ အဆက်အသွယ်မရတာလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်စောင့်အဖြစ်ကျန်ခဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မပြောင်းရွှေ့နိုင်တဲ့ မြို့ပေါ်ကလူတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပြီး တချို့ရွာတွေကိုလည်း အဆင်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့ တပတ်လောက်က ရွာတွေမှာ AA က ဖုန်းတွေကို သိမ်းတယ်လို့ ကြားတယ်။ ပြန်ပေးမယ်လို့တော့ ပြောတယ်တဲ့။ ဘာကြောင့် သိမ်းတာလဲဆိုတာတော့ သေချာ မပြောဘူး။ နောက်တော့ မြို့ပေါ်မှာလည်း သိမ်းတယ်။ အဲဆိုတော့ အဆက်အသွယ်က လုံးဝ ပြတ်သွားတာ။ ဒါတွေကို သိရတာကလည်း ဖုန်းသိမ်းတုန်းက ကျန်ခဲ့တဲ့ ဖုန်းတွေကနေဆက်လို့ သိလာရတာ။ နောက်ပိုင်း MPT တခုပဲ ဆက်လို့ရတော့ ဖုန်းဆက်ရတာလည်း အဆင်မပြေတော့ဘူး။ လိုင်းမမိတာနဲ့၊ အားမရှိတာနဲ့ အဲလိုဖြစ်နေတာ။ ဖုန်းတွေသိမ်းတယ်ဆိုရင်တောင်မှ မိသားစုတွေဆီ အကျိုးအကြောင်းပြောဖို့ ဆက်သွယ်ခွင့်ပေးသင့်တယ်။”

နောက်ဆုံးသိရသလောက် သံတွဲမြို့ပေါ်မှာ ကျန်ခဲ့သူတွေကို AA က မြို့ပေါ်ကနေ ရွှေ့ပြောင်းခိုင်းခဲ့ပြီး ဘယ်နေရာတွေကို ရွှေ့ပြောင်းလိုက်တယ်ဆိုတာတော့ တိတိကျကျ မသိရပါဘူး။

ဒေသခံတယောက်က “မြို့ပေါ်ကို အဆက်အသွယ်မရတာ ၃၊ ၄ ရက်ရှိပြီ။ ကျနော့်မှာ အဖေနဲ့ မိသားစုက ကျန်နေတယ်။ ဘယ်လိုမှ ဖုန်းခေါ်လို့မရဘူး။ အရင်ကဆို ဖုန်းအားကုန်လို့ ဆက်မရရင်လည်း တရက်ပေါ့။ ခုက ဘယ်လိုမှ စုံစမ်းလို့မရတာ။ ဘယ်ကိုရောက်နေမှန်းလည်းမသိဘူး။ မြို့မှာလည်း ဘာတွေဖြစ်နေမှန်း သေသေချာချာ မသိရဘူး” လို့ ပြောပါတယ်။

သံတွဲမြို့ပေါ်အပြင် မြို့ပတ်ဝန်းကျင်ရွာတချို့ကိုလည်း အဆက်အသွယ်မရသလို ဖုန်းလိုင်းရသေးတဲ့ ရွာတွေမှာလည်း လိုင်းမကောင်းတာကြောင့် ဆက်သွယ်ရခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးတော့ မြို့နယ်တွင်းမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ AA တို့ရဲ့ တိုက်ပွဲတွေဟာ သံတွဲမြို့ရဲ့တောင်ဘက်မှာ ဆက်ဖြစ်နေတာကြောင့် သံတွဲ-ဂွ-ရန်ကုန် လမ်းမှာရှိနေတဲ့ ဒေသခံတွေလည်း ဘေးလွတ်မယ်ထင်ရာ ပြောင်းရွှေ့နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013