
ပြည်တွင်းမှာ အလုပ်သမားအရေးကို ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) က ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပုံမှန် အခမဲ့ဝန်ဆောင်မှုတွေကို ကာလ အကန့်အသတ်မရှိ ရပ်နားလိုက်တယ်လို့ ဇူလိုင် ၂၅ ရက်မှာ ကြေညာလိုက်ပါတယ်။
အခုလို ရပ်နားလိုက်တာကြောင့် လက်ရှိ STUM အဖွဲ့ချုပ် ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားအမှုတွေမှာ အခမဲ့ ဥပဒေရေးရာနဲ့ ညှိနှိုင်းဖြေရှင်းရေး ဝန်ဆောင်မှုတွေ ရရှိဖို့ အခွင့်အရေး နည်းပါးသွားမှာ ဖြစ်ပါတယ်။
STUM ဟာ စက်ရုံအလုပ်ရုံတွေကနေ မတရား အလုပ်ထုတ်ခံရသူတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တိုင်ကြားပေးတာ၊ တရားစွဲဆိုတာ၊ နိုင်ငံတကာ Brand တွေနဲ့ ဆက်သွယ် ဖြေရှင်းပေးတာအထိ အခမဲ့ကူညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ပြည်တွင်းမှာက အလုပ်သမားအရေး လှုပ်ရှားတာတွေကို စစ်တပ်က စောင့်ကြည့်ဖမ်းဆီးတာတွေ ရှိနေပြီး၊ အလုပ်သမားသမဂ္ဂတွေ စုပေါင်း တောင်းဆိုတဲ့အခါမှာလည်း ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ အလုပ်သမားတွေကို အလုပ်ထုတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်တပ်က ၂၀၂၁ ခုနှစ်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ၆ လကြာ ဖမ်းဆီးထောင်ချခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းမှာလည်း ဒေါ်မျိုးမျိုးအေး အပါအဝင် STUM အဖွဲ့ဝင် ၁၀ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့သား ၁၀ ယောက်ကို "ဝမ်ရှင့်သာ" ခရီးသွားလာရေးပစ္စည်း ကုမ္ပဏီက ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၊ ၄၁ တို့နဲ့ သီးခြား စွဲဆိုခဲ့တာပါ။ ၂၀၂၅ အောက်တိုဘာလမှာ ဒေါ်မျိုးမျိုးအေး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
STUM အဖွဲ့သားတွေ မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး၊ ခံဝန်နဲ့ ပြန်လည် လွတ်မြောက်လာပြီးနောက်မှာလည်း STUM အဖွဲ့ဟာ ပြည်တွင်းမှာ တနှစ်တိတိ အလုပ်သမားအရေးတွေကို အခမဲ့ ကူညီပေးနေတာ ဖြစ်ပါတယ်။
ပြည်တွင်းအလုပ်သမားအရေး ကူညီပေးနေသူတယောက်က “ကျမတို့ ၂၀၂၄ ခုနှစ်က ဖြစ်ခဲ့တဲ့ အမှုတခုမှာဆိုရင် အလုပ်သမား ခေါင်းဆောင်တွေ၊ သမဂ္ဂမှာ ပါတဲ့သူတွေအပြင် လုပ်ခလစာတိုးရေး တောင်းဆိုပေးတဲ့ ခေါင်းဆောင်တွေအပြင် အလုပ်သမားတွေ အစည်းအဝေးလုပ်ဖို့ အခန်းငှားပေးတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပါ အဖမ်းခံရတဲ့ အခြေအနေတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။
STUM အဖွဲ့ချုပ်ကတော့ အလှူရှင်ထောက်ပံ့မှုမရှိဘဲ အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ တနှစ်ကျော် ရပ်တည်ခဲ့ပြီးနောက် ဘဏ္ဍာရေး အခက်အခဲကြောင့် ပုံမှန် အခမဲ့ဝန်ဆောင်မှုတွေကို ရပ်နားလိုက်တာ ဖြစ်ပေမဲ့ အဖွဲ့ခေါင်းဆောင်တချို့ကတော့ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် ဆက်လက် ကူညီပေးသွားမယ်လို့ ပြောဆိုထားပါတယ်။










