DVB Logo
Home
မြန်မာသတင်း
KIO က ပိဿာချိန် ၃၀၀ နီးပါးရှိ ကျောက်စိမ်းတုံးကြီး တူးဖော်ရရှိ
DVB
·
July 16, 2024
KIO က ပိဿာချိန် ၃၀၀ နီးပါးရှိ ကျောက်စိမ်းတုံးကြီး တူးဖော်ရရှိ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာအနီးဝှေခါမှော်မှာ ပိဿာချိန် ၃၀၀ နီးပါးရှိ အရည်အသွေးမြင့် ကျောက်စိမ်းတုံးကြီးကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က တူးဖော်ရရှိခဲ့တယ်လို့  ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီကျောက်စိမ်းတုံးကြီးကို ၂၀၂၄ ခု ဧပြီက တူးဖော်ရရှိခဲ့တာဖြစ်ပြီး အလေးချိန်အားဖြင့် ပိဿာချိန် ၃၀၀ နီးပါရှိပြီး မက်ထရစ်တန်ချိန်နဲ့ တွက်ရင် တန်ဝက်နီးပါးရှိတဲ့ အဆင့်အမြင့်ဆုံး အရည်ကျောက်အမျိုးအစားဖြစ်ပြီး ကာလန်တန်ဖိုးအားဖြင့် ခန့်မှန်းမရနိုင်ဘူးလို့ ဆိုပါတယ်။

အဆိုပါကျောက်စိမ်းတုံးတွေ့ရှိခဲ့တဲ့ သယံဇာတအဖွဲ့ဝင်တဦးက “တန်ဝက်နီးပါးလောက်ဟုတ်တယ်၊ ဘယ်လိုမှတန်းဖိုးဖြတ်လို့မရနိုင်ဘူး။ သူက အဆင့်မြင့်အရည်ကျောက်ဆိုတော့ မန်ကျည်းစေ့ တစေ့စာလောက် အခဲတခဲတောင် မြန်မာငွေသိန်းပေါင်း တသောင်းလောက်တန်နေပြီ ဟုတ်တယ်။ အဲလိုဟာမျိုးအခဲတွေ ပိဿာချိန် သုံးရာဆိုတော့ ဘယ်လောက်တန်ဖိုးရှိမလဲ ကျနော်မတွက်တတ်တော့ဘူး။ ခင်ဗျားတို့ပဲ တွက်ကြည့်လိုက်တော့” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်မှာ မက်လင်ချောင်မှော်က ကမ္ဘာ့ဒုတိယအကြီးဆုံး ကျောက်စိမ်းတုံးကြီး ထွက်ခဲ့ဖူးပါတယ်။ အဲဒီကျောက်စိမ်းတုံးကြီးဟာ အသားကျောက်အမျိုးအစားဖြစ်ပြီး  ဝ တပ်ဖွဲ့ပိုင်ကုမ္ပဏီဖြစ်တဲ့ ရတနာတောင်တန်းYTT ကုမ္ပဏီက တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုကျောက်စိမ်းတုံးကြီးကတော့ အဆင့်မြင့် အရည်ကျောက်စိမ်းအမျိုးစားဖြစ်တာကြောင့် ပြည်တန်ကျောက်လို့ ပြောလို့ရပြီး အနှစ်တရာမှာတောင် ဒီလိုကျောက်စိမ်းတလုံးရဖို့  ဝါရင့်လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

ဝါရင့်ကျောက်စိမ်းကုန်သည်တဦးက “ဒါက ပြည်တန်ကျောက်စိမ်းအစစ်ပဲ။ ဘယ်သူတန်ဖိုးဖြတ်နိုင်လဲ ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရဘူး။ လက်သဲခွန်လောက်လေးတောင် သိန်းရာဂဏန်းတန်နေပြီဗျ။ ဒီလောက်ကောင်းတဲ့ကျောက် ကျနော်တသက်မတွေ့ဖူးသေးဘူး။ ဒါပထမဆုံး တွေ့ဖူးတာပဲ။ အရင်ကမြင်လည်း မမြင်ဖူးဘူး” လို့ ပြောပါတယ်။

ဒီကျောက်စိမ်းတုံးကြီးဟာ တတုံးတည်းတည်ရှိနေတာ မဟုတ်ဘဲ ကျောက်မိုင်းနဲ့ ခွဲထားတာကြောင့် အတုံးအပိုင်းအစတွေ အများကြီးကွဲသွားတာဖြစ်ပြီး အတုံးသေးသေးလေးတွေ အများကြီး ဖြစ်နေတယ်လို့လည်း သိရပါတယ်။

အဲဒီကျောက်စိမ်းတုံးတွေကို KIO သယံဇာတ ဌာနရဲ့ ဖားကန့်တာဝန်ခံ ဦးအောင်ခင်ထန်ဆန်း ဦးဆောင်တဲ့အဖွဲ့က ဇူလိုင်လဆန်းပိုင်းက လိုင်ဇာမြို့ကို သယ်ဆောင်သွားခဲ့ပြီလို့ သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ဒေသရဲ့ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းအားလုံးကို KIO အဖွဲ့က ဦးဆောင်ပြီး လုပ်ငန်းရှင်တွေနဲ့ အကျိုးတူလုပ်ကိုင်ခဲ့ပါတယ်။

တူးဖော်ရရှိတဲ့ ကျောက်စိမ်းရောင်းရငွေရဲ့  ၁၀ ရာခိုင်နှုန်း၊ ကျောက်စိမ်းကောင်းရင် KIO ရဲ့ သယံဇာတအဖွဲ့က တန်ဖိုးဖြတ်ပြီး ကျောက်စိမ်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်စနစ်နဲ့ တူးဖော်နေကြတာဖြစ်ပါတယ်။

အခု ကျောက်စိမ်းတူးဖော်ရရှိတဲ့ ဝေခါမှော်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်နေ့တုန်းက  မြေပြိုလို့ လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013