
ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အခုနှစ် တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲကို ဘာသာရပ်အားလုံး ဖြေဆိုဖို့ ပျက်ကွက်သူ ၃,၀၀၀ နီးပါးအထိ ရှိတယ်လို့ တိုင်းအဆင့် ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။
စစ်ကောင်စီက ၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပခဲ့ပြီး ဧရာဝတီတတိုင်းလုံး အတိုင်းအတာနဲ့ ဖြေဆိုဖို့ စာရင်းသွင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၃,၉၃၂၇ ယောက်ရှိပြီး ဖြေဆိုတဲ့သူ ၃၆,၇၈၂ ယောက်သာ ရှိတာကြောင့် ဘာသာရပ်အားလုံး ဖြေဆိုဖို့ ပျက်ကွက်တဲ့ ကျောင်းသား ကျောင်းသူ ၂,၉၁၂ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
တိုင်းပညာရေးဦးစီးဌာနနဲ့ နီးစပ်သူက “မတ်လ ၁၁ ရက် စာမေးပွဲ စတင်ကျင်းပတဲ့နေ့ကနေ မတ်လ ၁၇ ရက် စာမေးပွဲတွေအားလုံး ကျင်းပပြီးဆုံးတဲ့အထိ တတိုင်းလုံးအနေနဲ့ ဘာသာရပ်အားလုံးမှာ စာမေးပွဲပျက်ကွက်တဲ့ အခြေအနေပါ။ ပျက်ကွက်တဲ့အထဲမှာ ယောက်ျားလေးတွေ များပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီက ကျင်းပတဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ဧရာဝတီတိုင်းထဲက ခရိုင် ၈ ခု၊ မြို့နယ် ၂၆ မြို့နယ်မှာ စာစစ်ဌာန ၂၄၇ ခု ဖွင့်လှစ်ပြီး တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲကို စစ်တပ်နဲ့ ရဲတွေက လုံခြုံရေးယူကာ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ်က စာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသူတယောက်က “ကောင်းကောင်း ဖြေဆိုထားပါတယ်။ ကျက်ထားတဲ့စာတွေနဲ့ တိုးတဲ့နေ့တွေလည်း ပါတယ်။ လုံးဝမတိုးတဲ့နေ့တွေလည်း ရှိတယ်။ စာမေးပွဲကို အောင်မယ်လို့ ထင်ပါတယ်။ အောင်ချင်ပါတယ်။ သမီးတို့မိဘတွေ ကုန်ကျစရိတ်တွေ များတယ်။ ဖိအားတွေလည်း များတယ်” လို့ ပြောပါတယ်။
အခုနှစ် တက္ကသိုလ်ဝင်တန်း G-12 စာမေးပွဲ ဖြေဆိုဖို့ ပျက်ကွက်တဲ့ ကျောင်းသား ကျောင်းသူ အများစုဟာ ဧရာဝတီတိုင်းထဲက တိုက်ပွဲဖြစ်နေတဲ့ ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ကြံခင်း၊ ဟင်္သာတ စတဲ့ ဒေသကနေ စာရင်းသွင်းထားပြီး လာရောက်ဖြေဆိုဖို့ ပျက်ကွက်တဲ့ ကလေးတွေ အများဆုံးပါဝင်တယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။










