DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်တွင် နေရပ်ပြန်စစ်ရှောင်များကို စစ်တပ်နှင့် PNO က အဓမ္မ စစ်သင်တန်းပေး
DVB
·
July 16, 2024
ဆီဆိုင်တွင် နေရပ်ပြန်စစ်ရှောင်များကို စစ်တပ်နှင့် PNO က အဓမ္မ စစ်သင်တန်းပေး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုထဲက ဟော်တောင်၊ ဟော်မြောက်၊ ဘုရားဖြူ စတဲ့ရွာတွေမှာ စစ်ရှောင်ရာကနေမှ ပြန်လာတဲ့ ဒေသခံတွေကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ၅ ရက်တာ အဓမ္မ စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

စစ်သင်တန်းတသုတ်ကို လူဦးရေ ၃၀၀ နဲ့ ဇွန်လက စတင်တက်ရပြီး ဇူလိုင် ၁၅ ရက်က တတိယအသုတ် စတက်ရတယ်လို့ လူငယ်တဦးက ပြောပါတယ်။

“သင်တန်းကိုတော့ အသက် ၁၈ ကနေ အသက် ၄၀ ထိ မဖြစ်မနေ အကုန်တက်ရမယ်တဲ့ အတင်းလုပ်ခိုင်းတာပါပဲ။ ရှောင်နေပြီး ပြန်မလာရင် အိမ်ကို အပိုင်သိမ်းမယ်လို့ ရပ်ကွက်သူကြီးက ပြောထားပါတယ်။ ဒီလကုန်ရက်အထိပဲ အချိန်ပေးထားပါတယ်။ သူကြီးတွေကိုယ်တိုင်က ဘောမဖြစ်နေတော့ ပိုဆိုးတာပေါ့။”

စစ်သင်တန်းမတက်လိုသူတွေအနေနဲ့ ငွေ ၁၂ သိန်းပေးပါက ကင်းလွတ်ခွင့်ရပြီး နိုင်ငံခြားရောက်သူတွေအတွက်လည်း တဦးကို ငွေ ၆ သိန်း ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “တကယ်လို့သာ သူတို့ကို လုံးဝဆန့်ကျင်မယ်ဆို အိမ်ကိုသိမ်းပြီး ရွာပြင်ကန်ထုတ်မှာပေါ့။ အဲလိုမှ အဖြစ်မခံချင်ရင် ငွေ ၁၂ သိန်း ထည့်ပေးရတာပေါ့။ တချို့ရပ်ကွက်တွေတော့ ဘယ်သူမှမသွားချင်လို့ ငွေချည်းထည့်ပြန်တော့လည်း ပြဿနာက တက်ပြန်ရော။ တကယ်တော့ သူတို့လိုနေတာ လူအင်အားလေ၊ လူမပါဘဲ ငွေချည်းထည့်တော့ လူအင်အားမရှိတော့ဘူး။ ရပ်ကွက်သူကြီးတွေလည်း စစ်တပ်ဆီက၊ PNO ဆီက မျက်နှာသာရချင်ကြတယ်၊ ရာထူးရချင်ကြတယ်။ အဲတာကြောင့် သူတို့က လူစုပေးနေတာ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်သင်တန်း ၅ ရက်ကို ပျက်ကွက်သူတွေက တရက် ဒဏ်ငွေ ၅ သောင်းနှုန်း ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေမြို့နယ်တို့က ဒေသခံတွေကို PNO ပြည်သူ့စစ်က ၅ ရက်စစ်သင်တန်းပေးပြီး ရှေ့တန်းပို့တာကြောင့် သေဆုံးသူများစွာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013