DVB Logo
Home
မြန်မာသတင်း
တပ်သားသစ်များပါဝင်သည့် အောင်ဇေယျစစ်ကြောင်း ကော့ကရိတ်တွင် ခံစစ်ပြင်
DVB
·
July 16, 2024
တပ်သားသစ်များပါဝင်သည့် အောင်ဇေယျစစ်ကြောင်း ကော့ကရိတ်တွင် ခံစစ်ပြင်
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောင်ဇေယျစစ်ကြောင်းဟာ စစ်မှုထမ်းဥပဒေအရ သင်တန်းဆင်း တပ်သားသစ်တွေနဲ့ အင်အားဖြည့်တင်းပြီး အခိုင်အမာ ခံစစ်ပြင်ဆင်နေတယ်လို့  နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့  စစ်ကြောင်းထိုး ဝင်ရောက်လာတာ  ဧပြီလကတည်းက ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ  ၃ လနီးပါးကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီး အပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်‌တဲ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ထိုးစစ်ကြောင့် ထိခိုက်သေဆုံးသူတွေများပြီး  အထိနာနေပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့မှာ အောင်ဇေယျစစ်ကြောင်းက အခိုင်အမာ ခံစစ်ပြင်ဆင်နေတယ်လို့  နဂါးဖြူစစ်ကြောင်း တပ်ခွဲ ၁ တပ်ခွဲမှူး ဗိုလ်ဆံရှည်က ပြောပါတယ်။  

“အရှေ့မှာတော့ အင်အားတိုးတယ်။ ကော့ကရိတ်မှာတော့ အခိုင်အမာကို တပ်စွဲထားတယ်။  ခါတိုင်းထက် နေရာတိုင်းမှာ သင်တန်းဆင်းပြီးသား တပ်သား ၂၀၀ လောက် ဒီဘက်ကို ပို့တယ်။ ကျနော်တို့ လက်ရှိ အရှေ့မှာရှိတဲ့နေ့တွေမှာ သိရတာ။ အခုလည်း သူတို့ အကုန်လုံး ပြင်ဆင်နေတယ်။”

ဇူလိုင် ၁၆ ရက် မနက် ၁၀ နာရီကျော်လောက်က ကော့ကရိတ်-မြဝတီ (အောက်ဗိုလ်တဲ) လမ်းဟောင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ အမှတ် ၃ ရပ်ကွက်နဲ့ ရုံးကြီးအနောက်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် ပြန်ဝင်ရောက်နေထိုင်သူတွေ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတာလို့ စစ်ရှောင်တဦးက ပြောပါတယ်။

“ကော့ကရိတ်မြို့မှာ ထုနေတယ်။ မနေ့တုန်းက အမှတ် ၃ ဘက်ကျတယ်။ ရုံးကြီးအနောက်ကို ကျတယ်။ လူထိခိုက်သံတော့ မကြားဘူး။ ခါတိုင်းကျတဲ့ဟာတွေက လူတွေထိတယ်လို့ ပြောတယ်။ အထဲမှာရှိတဲ့လူတွေက ကြောက်လည်းနေ မကြောက်လည်းနေ အဲလိုဖြစ်နေတယ်။ အခုနောက်ပိုင်း ထွက်တဲ့လူတွေကို စစ်တယ်။ သူနည်းသွားပြီ။ အခုထွက်လည်း မေးတာတွေရှိတယ်။ တခုခုဖြစ်ရင် သူများအသက်ကို အာမခံပေးမှာမို့လား။”

ဧပြီ ၂၇ ရက်နေ့ကစတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင် ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။

စစ်ကောင်စီက နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲချတာတွေ‌ကြောင့် မြို့တွင်းပြန်လည် ဝင်ရောက်နေထိုင်သူတွေဟာ ပြန်လည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို စာသင်ကျောင်းတွေပါ ပိတ်ခဲ့ရပါတယ်။

ပြန်လည်ဝင်ရောက်နေထိုင်သူတဦးက “မနေ့ကညနေက အမတို့ ပြန်ရောက်တယ်။ ပြန်နေတာ ဘယ်စိတ်ချရမလဲ။ အဲလိုအသံကြားရင် ဝင်ပုန်းပေါ့။ သူများဆီမှာ ပြေးတော့လည်း အဆင်မပြေတော့ဘူးလေ။ အလုပ်အကိုင်က မရှိ။ လက်နက်ကြီးပစ်တော့ ကလေးတွေ စိုးရိမ်စရာရှိတယ်။ ကျောင်းက ၁ နာရီလွှတ်တယ်။  အခုက အပြင်မှာဖြစ်တာ ပြဿနာသိပ်မရှိဘူး။ အပြင်က လက်နက်ကြီးပစ်မှာကို စိတ်ပူရတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ အာရှလမ်းမကြီးနဲ့ ဒေါနတောင် အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ကင်းထောက်ပျံသန်းပြီး မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်နေပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013