DVB Logo
Home
မြန်မာသတင်း
ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်းအတွက် စစ်ကောင်စီက မြေများကို အဓမ္မဝယ်ယူ
DVB
·
July 16, 2024
ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်းအတွက် စစ်ကောင်စီက မြေများကို အဓမ္မဝယ်ယူ
Donate to DVB

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)မှာ  ကျောက်မီးသွေးဓာတ်အားပေးစက် ရုံတည်ဆောက်ရေး စီမံကိန်းအတွက် စစ်ကောင်စီက မြေတွေ အတင်းဓမ္မဝယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့အတွက် ချောင်းဆုံမြို့နယ် ကလွီကျေးရွာနဲ့ ဒရယ်ကျေးရွာကြား ဒရယ်မြစ်ကမ်းအနီးမှာရှိတဲ့ ဓနိစိုက်ခင်းတွေကို စစ်ကောင်စီက ဈေးနည်းနည်းနဲ့ အတင်းလိုက်ဝယ်ယူနေပြီး လက်ရှိမှာ ဓနိစိုက်ခင်းဧက ၅၀ လောက်ကို ဝယ်ယူထားပြီးလို့ ဒေသခံတဦးက ပြောပါတယ်။

"လာဝယ်တာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကော  နောက်ပြီး ထွေအုပ်ဝန်ထမ်းတွေနဲ့ တခြားဝန်ထမ်းတွေလည်းပါတယ်။ သူတို့‌ပေးတဲ့ဈေးက တော်တော့်ကို နည်းနေတယ်ဆိုပေမဲ့ မရောင်းရင် သိမ်းမယ်ဆိုတဲ့ပုံစံနဲ့ပြောနေလို့ ရောင်းလိုက်ရတာ။ တကျပ်မှ မရမယ့်တူတူတော့ ရတဲ့ဈေးနဲ့ ရောင်းလိုက်ရတဲ့သဘောပဲ။ အားလုံးစုစုပေါင်း ဧက ၁၀၀ လောက်ထိဝယ်သွားမယ်လို့ ကြားတယ်။”

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက မြေဝယ်ယူရာမှာ ကျောက်မီးသွေးစက်ရုံတည်ဆောက်မယ်လို့ ပြောပြီးဝယ်ယူခဲ့တာမဟုတ်ဘဲ လမ်းသစ်ဖောက် လုပ်မယ်အတွက်ဆိုပြီး ဝယ်ယူခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းတို့ ဇွန် ၂၄ ရက်ကတွေ့ဆုံပြီးနောက် အခုလိုက်ဝယ်နေတဲ့ မြေတွေပေါ်မှာ ကျောက်မီးသွေးဓာတ်အား‌ပေးစက်ရုံ တည်ဆောက်သွားမယ်လို့ မွန်ဝန်ကြီးချုပ်ဘက်က ထုတ်ပြန်မှသာ  ဒေသခံ ပြည်သူတွေအနေနဲ့ သိခဲ့ရတာပါ။

စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံစီမံကိန်းမြေ နေရာအများစုမှာ ဒီရေတောတွေဖြစ်တဲ့အပြင် စက်ရုံတည်ဆောက်ပြီးပါက စက်ရုံကထွက်လာတဲ့ အညစ်အကြေးတွေနဲ့ အမှုန်အမွားတွေ‌ကြောင့် ဘီလူးကျွန်းရဲ့သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးမြေနဲ့ ရေသယံဇာတာများပျက်စီးမှာနဲ့ ကျန်းမာရေးထိခိုက်မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

ဒေသခံအများစုဟာ ကျောက်မီးသွေးစက်ရုံတည်‌ဆောက်မယ့်စီမံကိန်းကို မကြိုက်ကြပေမဲ့ စစ်ကောင်စီလက်ထပ်မှာ ကန့်ကွက်ဖို့လည်း အခက်အခဲရှိနေတယ်လို့ ဒေသခံ‌တဦးကပြော ပါတယ်။

"မကြိုက်ဘူးဆိုပေမဲ့ ကန့်ကွက်ဆန္ဒပြဖို့ ထွက်မယ်ဆိုလည်း သူတို့သေနတ်နဲ့ပစ်မှာ ကြောက်နေရသေးတယ်။ ချောင်းဆုံမြို့ကလည်း တခြားမြို့တွေနဲ့ကလည်းမတူဘူးလေ။ စစ်ကောင်စီဘက်က အပြည့်အဝထိန်းချုပ်ထားသလို အုပ်ချုပ်ရေးမှူးတွေကအစ သေချာရွေး ခန့်ထားကြတာ။”

ဦးသိန်းစိန် အစိုးရလက်ထက်က ရေးမြို့နယ်၊ အံဒင်ကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ၂၀၁၃ ခုနှစ်မှာ MOU ၊ ၂၀၁၅ ခုနှစ်မှာ MOA လက်မှတ် ရေးထိုးခဲ့ပေမဲ့ ဒေသခံတွေ ကန့်ကွက်ခဲ့တာကြောင့် လက်ရှိအချိန်ထိ စီမံကိန်း ရပ်နားထားရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013