DVB Logo
Home
မြန်မာသတင်း
ဘဏ်တွင် ငွေထုတ်မရသဖြင့် မြိတ်က ကွမ်းသီးနုအဝယ်ဒိုင်များ အရောင်းအဝယ်ရပ်နား
DVB
·
July 16, 2024
ဘဏ်တွင် ငွေထုတ်မရသဖြင့် မြိတ်က ကွမ်းသီးနုအဝယ်ဒိုင်များ အရောင်းအဝယ်ရပ်နား
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ကွမ်းသီးအဝယ်ဒိုင်တွေ ဘဏ်က ငွေလိုသလောက် ထုတ်မရတဲ့အတွက် အဝယ်ရပ်နားထားကြရပြီး ကွမ်းသီးနုစျေးနှုန်းတွေကလည်း ရုတ်တရက် ထိုးကျသွားတယ်လို့ ကွမ်းသီးရောင်းဝယ်လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

ဘဏ်မှာအပ်ထားတဲ့ငွေတွေ လိုသလောက် ထုတ်မရတဲ့အတွက် ကွမ်းသီးဝယ်ယူနေတဲ့ ဒိုင်တွေက အရောင်းအဝယ် ပိတ်လိုက်တဲ့အခါမှာ ပွဲစားတွေကနေ စျေးနှိမ်ပြီး ဝယ်ယူလာတာကြောင့် ကွမ်းသီးနုစျေးနှုန်းတွေ ကျဆင်းလာရတာဖြစ်တယ်လို့ ကျေးရွာတွေဘက်မှာ ကွမ်းသီးနု ဝယ်ယူနေသူတွေက ပြောပါတယ်။

ကွမ်းသီးနုဝယ်ယူလုပ်ကိုင်နေသူတဦးက “ဘဏ်က ငွေအပြည့် မထုတ်ပေးဘူး၊ ကြာလည်းကြာတော့ ကွမ်းသီးနုကို ဈေးလျှော့လိုက်မယ်ဆိုရင် အရောင်းအဝယ် သိပ်မရှိတော့ဘူးလေ။ ဒါဆိုရင် သူတို့ရဲ့ ပွဲစားတွေကိုလွှတ်ပြီး ဈေးနှိမ့်ပြီး ဝယ်ခိုင်းတာ။ အချောင်ရရင် အချောင်ယူမှာလေ၊ မြိတ်ကဒိုင်တွေ အဝယ်ပိတ်လိုက်တယ်ဆိုပြီး ပြောတော့ အောက်ဘက် (ကျွန်းစုမြို့နယ်) တို့က လာရောင်းတဲ့သူတွေအနေနဲ့ ရောင်းဖို့နေရာ မရှိတော့ဘူးလေ။ ဒါကို ပွဲစားတွေက တဖက်လှည့်နဲ့ ဈေးဖြတ်ပြီး ဝယ်ကြတာပေါ့” လို့ ပြောပါတယ်။

ကွမ်းသီးနုဈေးနှုန်းတွေမှာ ပြီးခဲ့တဲ့ဇွန်လက တပိဿာကို ကျပ် ၇,၂၀၀ ပေါက်စျေးအထိ ရှိခဲ့ပြီးမှ ဇူလိုင်လအတွင်း တပိဿာစျေးနှုန်း ကျပ် ၅,၅၀၀ ကနေ ကျပ် ၄,၀၀၀ ဝန်းကျင်ထိကို ရုတ်တရက် ထိုးကျသွားခဲ့တယ်လို့ ပြောပါတယ်။

တချို့ အရောင်းအဝယ်ဖွင့်ထားတဲ့ ကွမ်းသီးဒိုင်တွေမှာတော့ ကွမ်းသီးနုလာရောင်းတဲ့ သူတွေကို ငွေတခါတည်း ရှင်းပေးတာမျိုး မလုပ်ဘဲ ဘဏ်အပ်ငွေ ထုတ်လို့ရတဲ့အခါမှသာ ပြန်ရှင်းပေးမယ်လို့ ဆိုတာကြောင့် သွားမရောင်းကြတော့တာ ဖြစ်တယ်လို့ ကွမ်းသီးနု ရောင်းဝယ်နေသူ နောက်တဦးက ပြောပါတယ်။

“ကျမတို့ သွားရောင်းတဲ့ ဒိုင်တွေမှာဆို ရောင်းမယ်ဆိုရင် လာရောင်းပေါ့။ သူတို့ ပိုက်ဆံတော့ မရှင်းပေးသေးဘူး။ ဘဏ်မှာထုတ်လို့ရတဲ့နေ့ကျမှ လာရှင်းပေးမယ်ဆိုတော့ ဘယ်သူက ပိုက်ဆံမရဘဲ ရောင်းဦးမှာလဲ။”

ဒါ့အပြင် တိုက်ပွဲအခြေအနေတွေကြောင့် ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတချို့ ရှိနေတဲ့အတွက် မြိတ်ကွမ်းသီးစျေးကွက်မှာ ထိခိုက်ခဲ့ပါတယ်။

မြိတ်မြို့မှာ ကွမ်းသီးဝယ်ယူနေတဲ့ ဒိုင်အကြီးစား ၆ ဒိုင် ရှိတယ်လို့ သိရကာ ကျွန်းစု၊ တနင်္သာရီ၊ ပုလောဒေသတွေက ထွက်တဲ့ ကွမ်းသီးတွေကို မြိတ်စျေးကွက်မှာ အရောင်းအဝယ် လုပ်ကြပြီးတော့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဘက်ကို အဓိကတင်ပို့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013