DVB Logo
Home
မြန်မာသတင်း
တအာင်းဘဏ်များ တရားမဝင်ဟု စစ်အာဏာရှင် ဗဟိုဘဏ် ထုတ်ပြန်
DVB
·
May 20, 2026
တအာင်းဘဏ်များ တရားမဝင်ဟု စစ်အာဏာရှင် ဗဟိုဘဏ် ထုတ်ပြန်
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ဖွင့်လှစ်မဲ့ The Mountain ဘဏ် အပါအဝင် လူမှုကွန်ရက်မှာ ကြော်ငြာနေတဲ့ ဒစ်ဂျစ်တယ်ဘဏ်အဖွဲ့အစည်းတွေကို လုပ်ငန်းလိုင်စင် ထုတ်ပေးထားခြင်း မရှိတာကြောင့် အဲဒီဘဏ်တွေနဲ့ မဆက်သွယ်ဖို့ စစ်အာဏာရှင် ဗဟိုဘဏ်က မေ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်းက TNLA  ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့မှာ Digital Bank လုပ်ငန်းတခုဖြစ်တဲ့ The Mountain (TMB) ဘဏ်က ဘဏ်ခွဲဖွင့်လှစ်မှာ ဖြစ်တဲ့အတွက် ဝန်ထမ်းခေါ်ယူမှုတွေ စတင်ပြုလုပ်ပါတယ်။

ဒါကို အဲဒီဘဏ်အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြကြော်ငြာနေတဲ့ Digital Bank အဖွဲ့အစည်းတွေဟာ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဘဏ်လုပ်ငန်းလိုင်စင် ထုတ်ပေးထားတာမရှိတဲ့အတွက် မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိလာနိုင်ပြီး ဆက်သွယ်ဆောင်ရွက်ခြင်းမပြုကြဖို့ စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်တာပါ။

ဘဏ်လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်နေကြတာဟာ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ - ၁၅၈ ကို ချိုးဖောက်ရာ ကြပြီး ပြစ်မှုထင်ရှားရင် အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူတို့အနေနဲ့ ပြည်တွင်းမှာ နိုင်ငံတော်ဘဏ် ၄ ခု၊ ပုဂ္ဂလိကဘဏ် ၂၇ ခု၊ နိုင်ငံခြားဘဏ်ခွဲ ၁၆ ခုနဲ့ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှုအတွက် လုပ်ငန်း ၅ ခုကို လိုင်စင်လုပ်ကိုင်ခွင့်ပေးထားပြီး ၎င်းလုပ်ငန်းတွေကလွဲရင် ကျန်လုပ်ငန်းတွေက တရားမဝင်ဘူးလို့လည်း စစ်အာဏာရှင် ဗဟိုဘဏ်က အသိပေးပါတယ်။

နမ့်ခမ်းမြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ The Mountain (TMB) ဘဏ်ဟာ ဒီနှစ် မတ်လပိုင်းကစပြီး ဝန်ထမ်းခေါ်ယူကာ စတင်လည်ပတ်ခဲ့တာလို့ အဲဒီဘဏ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

The Mountain (TMB) ဘဏ်ဟာ လူတဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေလွှဲပြောင်းတွေအတွက် ဝန်ဆောင်မှု ပေးသွားမယ်လို့ ဒီဘဏ်ရဲ့ လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။

ဒါ့အပြင် နမ့်ခမ်းမြို့မှာ ဘဏ်ခွဲဖွင့်လှစ်မှာဖြစ်တဲ့အတွက် ဝန်ထမ်းအသစ်တွေကိုလည်း လူမှုကွန်ရက်ကနေတဆင့် ခေါ်ယူနေတာပါ။

The Mountain (TMB) ဘဏ်ဟာ ရှမ်းအရှေ့ပိုင်းက ‘ဝ’ အထူးဒေသ ပန်ဆန်းမြို့မှာ အခြေစိုက်ကာ ငွေလွှဲဝန်ဆောင်မှုတွေ လုပ်ကိုင်နေပြီး နမ့်ခမ်းမှာ အခုလို ဘဏ်ခွဲဖွင့်လှစ်ဖို့ ပြင်ဆင်လာတာလို့ ရှမ်းမြောက်ဒေသခံတယောက်က ပြောပါတယ်။

၁၀၂၇-စစ်ဆင်ရေး နောက်ပိုင်းမှာ ဘဏ်လုပ်ငန်းတွေ အကုန်ရပ်သွားတော့ ငွေလွှဲတာတွေအတွက် အစားထိုးလုပ်ပြီး ဝင်လာတာ ကြာနေပါပြီ။ အဓိကတော့ တရုတ်ယွမ် အသုံးများတယ်။ အဓိကတော့ ယွမ်ကို အလွှဲအပြောင်းလုပ်ပေးတယ်လို့ ဒေသခံက ပြောပါတယ်။

TNLA ရဲ့ ထိန်းချုပ်နယ်မြေ နမ့်ခမ်းအပြင် နောက်ထပ် နမ္မတူမြို့မှာလည်း ဒီဘဏ်ခွဲကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသအခြေစိုက် သတင်းတချို့မှာ ဖော်ပြခဲ့ပြီး TNLA ဘက်ကတော့ ဒီဘဏ်နဲ့ ပတ်သက်ပြီး အသိပေး သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

TNLA ဟာ နာမည်ကျော် ၁၀၂၇-စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်အများအပြားကို သိမ်းနိုင်ခဲ့ပေမဲ့ နောက်ပိုင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက မြို့တွေကို ပြန်ပေးခဲ့ရကာ အခုတော့ အာဏာသိမ်းစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားပါတယ်။ 

ဒါအပြင် ဒီလ ၁၂၊ ၁၃ ရက်တွေမှာ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ သူတို့နဲ့ အာဏာသိမ်း စစ်တပ်ကြား ဆွေးနွေးပွဲမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ အခုဘဏ်ဖွင့်မယ်ဆိုတဲ့ နမ့်ခမ်းမြို့တွေကနေ တလအတွင်း ဆုတ်ခွာပေးရမယ်လို့ စစ်တပ်က ခြိမ်းခြောက်ထားကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013