
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ရိုးရာနည်းနဲ့ အရိုးအကြောကုနေတဲ့ ဆေးဆရာတယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး စစ်ကြောရေးမှာ သတ်ပစ်ခံရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မြိတ်မြို့က မော်တုန်းဆေးဆရာလို့ လူသိများတဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဟာရှင်ဘိုင် ခေါ် ဦးခင်မောင်ချိုကို စစ်တပ်က ဇူလိုင် ၃ ရက်နေ့က ကန်ခေါင်းရပ်ကွက်က နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဆေးဆရာ ဖမ်းဆီးခံရပြီးနောက် ၅ ရက်အကြာ ဇူလိုင် ၈ ရက်နေ့မှာ စစ်တပ်က မိသားစုကို ရုပ်အလောင်းလာကြည့်ဖို့ အကြောင်းကြားလာတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့မြို့ခံတွေက ပြောပါတယ်။
အမည်မဖော်လိုသူ မြိတ်မြို့ဒေသခံတဦးက “စစ်တပ်ဘက်က မော်တုန်းဆရာကို စစ်ဆေးစရာရှိလို့ ဆိုပြီးလာဖမ်းသွားတာပါ။ သေပြီးမှ မိသားစု အကြောင်းကြားလာတယ်။ ငွေကြေးမတတ်နိုင်တဲ့ မြို့ခံတော်တော်များများ သူ့ဆီမှာပဲ ကုကြတယ်လေ။ အခုလိုမျိုးဖြစ်သွားတာ နှမြောတာပေါ့” လို့ ပြောပါတယ်။
ဆေးဆရာရဲ့ ရုပ်အလောင်းကို စစ်တပ်ဘက်က သင်္ဂြိုဟ်လိုက်ပြီး မိသားစုဘက်က အစ္စလာမ်ဘာသာထုံးစံနဲ့အညီ သင်္ဂြိုဟ်ခွင့်မရလိုက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မော်တုန်းဆေးဆရာဟာ မြိတ်မှာ အရိုးအကြောအနှိပ်ပညာနဲ့ ဆေးကုနေတာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီး မြိတ်မြို့ခံတွေ ကျန်းမာရေးအရအားထားရတဲ့ ရိုးရာဆေးကုဆရာတယောက် ဖြစ်တယ်လို့ သိရပါတယ်။










