
အသက် ၁၂ နှစ်အရွယ် ကိုရင်လေးကို လူမဆန်စွာ ရိုက်နှက်ခဲ့တဲ့ တနင်္ဿာရီတိုင်း၊ မြိတ်မြို့၊ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို လူဝတ်လဲစေပြီး မြို့နယ်သံဃနာယကအဖွဲ့က ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ လိုက်လံကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
လူမှုကွန်ရက်မှာ ဦးတေဇကို ခံဝန်ကတိနဲ့ ပြန်လွှတ်လိုက်တယ်လို့ သတင်းထွက်နေတာဟာ မှန်ကန်ခြင်းမရှိဘဲ သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅(က) အမှုဖွင့်ထားတယ်လို့ လိုက်လံကူညီပေးရာမှာ ပါဝင်သူတယောက်က DVB ကို ပြောပါတယ်။
“ခံဝန်နဲ့ ပြန်လွှတ်ရင် ဒီကိစ္စကို ဆောင်ရွက်ပေးနေတဲ့ ဘုန်းကြီးတွေက လက်ခံမလား၊ မနေ့ကပဲ ဆရာတော်ကြီးတွေက အားလုံးရှေ့မှာ လူဝတ်လဲပြီး သာသနာရေးက တရားလိုလုပ်ပြီး ပုဒ်မ ၂၉၅(က) နဲ့ အမှုဖွင့်လိုက်တာပါ။ ဒီနေ့ တရားရုံးမှာ ဦးတိုက်လျှောက်မှာပါ။”
လူဝတ်လဲထားတဲ့ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းက ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို ဒီကနေ့ မြိတ်မြို့နယ်တရားရုံးမှာ သာသနာညှိုနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲဆို တင်ပို့မှာဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
အခုလို အမှုဖွင့် အရေးယူလိုက်တဲ့အတွက် ကိုရင်တွေကို ကျောင်းထိုင်ဘုန်းကြီးတွေ လူမဆန်စွာ ရိုက်နှက်ခြင်းမှ ဆင်ခြင်သွားမှာဖြစ်တယ်လို့ မြို့ခံတယောက်က သုံးသပ် ပြောဆိုပါတယ်။
“ကိုရင်လေး အပြစ်ရှိလို့ ဆုံးမမယ် ဆိုရင်တောင် တော်ရုံသင့်ရုံရိုက်ရင် မပြောဘူး၊ အခုက လူမဆန်အောင်ရိုက်လို့ ပြောတာ။ အခုလို အပြစ်ပေးလိုက်တာ ကောင်းတယ်။ နောက် ကျောင်းထိုင် ဆရာတော်တွေလည်း မလုပ်ရဲတော့ဘူး။”
ပုဒ်မ ၂၉၅(က) မှာ အာမခံမပေးနိုင် ကျေအေးခွင့်မရှိဘဲ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် (သို့မဟုတ်) ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေမှာ ဖော်ပြထားပါတယ်။
ဧပြီ ၂၁ ရက်က တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီး ဦးတေဇက အသက် ၁၂ နှစ်အရွယ် ကိုရင်လေးတပါးကို လူမဆန်စွာ ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ဒီလိုဖြစ်စဥ်မျိုးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဒေါ်ညိမ်းကျေးရွာ သရက်တောကျောင်းတိုက်မှာလည်း ဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်စဥ်မှာ ၁၃ နှစ်အရွယ် ကိုရင်လေးတပါးကို သေဆုံးတဲ့ထိ ရိုက်နှက်ခဲ့တဲ့ ဆရာတော် ဦးဥက္ကဋ္ဌ အပါအဝင် ဆရာတော် ၂ ပါးနဲ့ ကပ္ပိယတယောက်ကို ရဲတွေက ဖမ်းဆီးပြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။










