DVB Logo
Home
မြန်မာသတင်း
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် မဘသရဟန်းများအပါအဝင် သံဃာတော်များ ပိုမိုပါဝင်လာ
DVB
·
July 15, 2024
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် မဘသရဟန်းများအပါအဝင် သံဃာတော်များ ပိုမိုပါဝင်လာ
Donate to DVB

လုံခြုံရေးအခြေအနေအရ မြို့နယ်အလိုက် ကံဆောင်သပိတ်ကြေညာမှု လျော့နည်းလာပေမဲ့ သပိတ်ကို ထောက်ခံကြောင်း ရဟန်းသံဃာတော်တွေဆီက ဆန္ဒမဲတွေ ဆက်တိုက်လက်ခံရရှိနေတယ်လို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မဘသရဟန်းတွေပါ တော်လှန်ရေးဘက်ကို ကူးပြောင်းတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က “သီတဂူတို့ မစိုးရိမ်တိုက်သစ်တို့ ဦးတိလောက အစရှိသဖြင့်ပေါ့၊ ခေါင်ကြီးတွေက ပါနေတာကိုးနော်။ စာသင်သားဆိုတာကလည်း ကျောင်းထိုင်ဘုန်းကြီးကို မှီခိုနေကြရတာပေါ့ဗျာ ကျောင်းမှမရှိတာ။ အဲ့တော့ ခုနပြောတဲ့ ခေါင်တွေကို စစ်အာဏာရှင်တွေက လိုသလောက် ပေးထားတာကိုး။ အဲဒီကာလမှာတော့ ဘာပဲပြောပြော ဒီခေါင်းစည်းအောက်မှာ ရာခိုင်နှုန်းက တော်တော်များပါတယ်။ အခု ဒီ ဝင်းနိမိတ္တာရုံ ဆရာတော်ကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပြီးတော့လည်း အိမ်တွေ မီးရှို့တာ ဘာညာကအစ မဘသတွေရဲ့ အမေတွေပဲလေ အဖေတွေပဲလေ၊ ရွာတွေ မီးရှို့ခံထားရတာ တခြားမှမဟုတ်တာ၊ ဒါ ငြင်းမှမရတာ။ အဲဒီလိုအခြေအနေတွေ မျက်ဝါးထင်ထင် မြင်တွေ့လာတဲ့အချိန်မှာ အရင်တုန်းကလိုမျိုး မဘသဆိုတဲ့ ခေါင်းစည်းအောက်မှာ မဝင်ကြတော့ဘူး၊ ဒီဘက်ကို ထွက်လာကြတယ်။ မဘသ ထင်သလောက် အားမကောင်းတော့ပါဘူး။ ဒီဘက်မှာ ပိုပြီးတော့ အားကောင်းလာပါတယ်။ စစ်ကိုင်း-မကွေးမှာ သံဃာထုရဲ့ လမ်းပေါ်ထွက်လာတဲ့ အင်အားကိုကြည့်ရင် သိသာပါတယ်။ တချိန်က အဲဒီကိုယ်တော်တွေက မဘသထဲမှာပါခဲ့တဲ့ ကိုယ်တော်တွေ အများပါပါတယ်” လို့ မိန့်ပါတယ်။

ဇွန် ၂၃ ရက်ကနေ ဇူလိုင် ၄ ရက်အထိ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ခဲ့တဲ့ မြို့နယ်ပေါင်း ၂၁ မြို့နယ် အထိရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ မြို့နယ်အလိုက် ကံဆောင်သပိတ်ကြေညာချက်တွေ အရှိန်တန့်သွားခဲ့တာပါ။

မြေပြင်စစ်ရေးပြဿနာတွေနဲ့ မြို့ကြီးတွေမှာ စစ်ကောင်စီက သံဃာတွေကို ဖိအားပေး ဒေါက်ထောက်ကြည့်နေတာတွေကြောင့် မြို့နယ်အလိုက် သံဃာ့သပိတ်တွေ ကြေညာတာ လျော့နည်းလာတာဖြစ်ပေမဲ့ တပါးချင်းစီအလိုက် သပိတ်ကိုထောက်ခံကြောင်း ဆက်သွယ် ဆန္ဒမဲပေးတာတွေ သံဃာတွေဆီက ဆက်တိုက်လက်ခံရရှိနေတယ်လို့ ရွှေဝါရောင်ဆရာတော်တပါး ဖြစ်တဲ့ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ပါတယ်။

“တနေရာကနေပြီးတော့ ဒီသပိတ်ကို မှောက်လိုက်တယ်ဟေ့ဆိုရင် တနိုင်ငံလုံး သံဃာအားလုံးက နေပြီးတော့ ဒါကို ဆန္ဒမဲပေးပြီးတော့ လိုက်နာကြရပါတယ်။ မဖြစ်မနေ လိုက်နာခြင်းသည်သာလျှင် ဒီသပိတ်ရဲ့ အထမြောက်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်တို့၊ မန္တလေးတို့ရဲ့ အနေအထားတွေမှာကsတော့ ခက်ခဲမှုတွေ အများကြီးရှိတယ်။ စစ်အာဏာရှင်ကလည်းပဲ အမြဲတမ်း ဒေါက်ထောက်ပြီးတော့ ကြည့်နေတယ်ပေါ့နော်။ ကြည့်နေတဲ့ကြားထဲကကိုပဲ မန္တလေးသံဃာ့သမဂ္ဂက ရတဲ့နည်းနဲ့ သပိတ်မှောက်လာတာကို ဦးပဥ္စင်းတို့ တွေ့ရပါတယ်။ စစ်အာဏာရှင်ကို ကြောက်လို့ ဖမ်းမှာကြောက်လို့ ဟိုဟာကြောက်လို့ ဒီဟာကြောက်လို့ ဆိုပြီးတော့ ဒီသပိတ်က ရှောင်လွှဲလို့မရဘူး။ ဒါကြောင့်လည်းပဲ ယနေ့ သံဃာအများစုက ဒါကို မဖြစ်မနေ လိုက်နာနေကြခြင်း ဖြစ်ပါတယ်။”

ဗုဒ္ဓမြတ်စွာဘုရားက သာသနာနဲ့ သံဃာတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ပတ္တနိက္ကုဇ္ဇန ကံဆောင်ထိုက်တဲ့ အခြင်းအရာ ၈ ပါး သတ်မှတ်ထားပြီး စစ်ကောင်စီက အဲဒီအချက်တွေ အကုန်လုံးကို ကျူးလွန်ရုံသာမက သတ်ဖြတ်တဲ့အထိ ဆိုးရွားလာတဲ့အတွက် ရဟန်းသံဃာတွေက သပိတ်မှောက်ကြရတာ ဖြစ်ပါတယ်။

အရှင်တေဇာနန္ဒ(တန့်ဆည်)က “ဦးပဉ္စင်းတို့ရဲ့ ပြည်သူတွေ ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမတွေဟာ ဒီနေ့ အတိဒုက္ခရောက်နေရတာ၊ အဲဒီအပေါ်မှာမှ ပြည်သူတွေဘက်က ရပ်တည်ပြီးတော့မှ အာဏာရှင်တွေကို ဆန့်ကျင်ဖို့ လိုအပ်တယ်။ ရဟန်းဆိုတာ တည်ကြည်မှုနဲ့ လမ်းပြ၊ စာရိတ္တနဲ့ ဦးဆောင်၊ ပညာအရာကို ကိုင်စွဲ၊  လူထုအရှေ့က နေရမယ်လို့ ဦးပဉ္စင်းတို့က ခံယူထားတာဖြစ်တဲ့အတွက် ငဲ့စောင်းကြည့်ပြီးတော့မှ ဒါယကာ ဒါယိကာမတွေကို ဆွမ်းတုံ့ ကျေးဇူးဆပ်သောအားဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းကို ပါဝင်ဖို့ သဘောတူဆန္ဒမဲတွေ ထောက်ခံမဲတွေ ပေးကြဖို့ အင်မတန်မှ လိုအပ်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်ဗျ” လို့ မိန့်ပါတယ်။

ဗုဒ္ဓရဲ့ပြဋ္ဌာန်းချက်တွေအရ ၄ ပါးထက်မနည်းတဲ့ ရဟန်းတွေက သိမ်ဝင်ပြီး ပတ္တနိက္ကုဇ္ဇန ကမ္မဝါဖတ် ကံဆောင်ရင် ကျန်တဲ့ရဟန်းတွေ အကုန်လုံးက လိုက်နာကြရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြို့နယ် ၂၁ ခုက ရဟန်းသံဃာတွေက သပိတ်မှောက်ထားတာဖြစ်တဲ့အတွက် နိုင်ငံတဝန်း သံဃာအားလုံးက မဖြစ်မနေ ကံဆောင်သပိတ်မှောက်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက ဇွန် ၁၉ ရက်တုန်းက မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ဝင်းနိမိတ္တာရုံဆရာတော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ အပါအဝင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပစ်ခတ်မှုတွေကြောင့် နိုင်ငံတဝန်း ရဟန်းသံဃာ အပါး ၅၀ ကျော် ပျံလွန်တော်မူခဲ့ရတာပါ။

အဲဒါအပြင် နိုင်ငံတဝန်း ဘုန်းကြီးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံပေါင်း ရာနဲ့ချီပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013