DVB Logo
Home
နိုင်ငံတကာ
နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ ထရမ့်ပ် တက်မည်၊ ကျည်ဆန်မသုံးဘဲ မဲဖြင့်ရှင်းရန် ဘိုင်ဒင် တိုက်တွန်း
DVB
·
July 15, 2024
နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ ထရမ့်ပ် တက်မည်၊ ကျည်ဆန်မသုံးဘဲ မဲဖြင့်ရှင်းရန် ဘိုင်ဒင် တိုက်တွန်း
Donate to DVB

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ သေနတ်သမားဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့သလဲဆိုတာ ပဟေဠိဖြစ်နေဆဲဖြစ်ပြီး ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒဏ်ရာမပြင်းထန်ခဲ့တဲ့ ထရမ့်ပ်ကတော့ ညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပြီး စီစဉ်ထားတဲ့အတိုင်း ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ နိုင်ငံရေးအပူချိန် လျှော့ကြဖို့၊ မတူကွဲလွဲမှုတွေကို ကျည်ဆန်နဲ့ မဖြေရှင်းဘဲ မဲပုံးနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်က အသက် ၂၀ ပဲရှိသေးတဲ့ သေနတ်သမား သောမတ်စ် မက်သယူးခရွတ်ခ်စ်ရဲ့ ပစ်ခတ်မှုကြောင့် ထရမ့်ပ်ရဲ့ ညာဘက်နားကို ကျည်တတောင့် ဖောက်ထွက်သွားခဲ့ပါတယ်။ မဲဆွယ်ပွဲတက်သူတဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ သမ္မတဘိုင်ဒင်က လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

မဲဆွယ်ပွဲနဲ့ ဒီလောက်နီးတဲ့ ခေါင်းမိုးပေါ်ကနေ သေနတ်နဲ့ တက်ပစ်တာကို မဟန့်တားနိုင်တဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေလည်း ဝေဖန်ခံနေရပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်တွေက ချက်ချင်းပစ်သတ်ခဲ့တဲ့ သေနတ်သမားဟာ တယောက်တည်း လှုပ်ရှားခဲ့တာလို့ ယုံကြည်ရကြောင်း စုံစမ်းရေးမှူးတွေက ပြောပါတယ်။

ထရမ့်ပ်ကတော့ သူ အရမ်းတက်ကြွနေဆဲဖြစ်ပြီး နေလို့ကောင်းတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၅ ရက်မှာ စတင်ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီညီလာခံတက်ဖို့ ၁၄ ရက်နေ့ ညနေပိုင်းကတည်းက မာလ်ဝါးကီးမြို့ကို ရောက်နေပြီဖြစ်ပါတယ်။

ဘိုင်ဒင်မူဝါဒတွေကို ဝေဖန်တာတွေထက် အမျိုးသားညီညွတ်ရေးကို ဦးစားပေးဖို့ မိန့်ခွန်းတောင် ပြန်ပြင်ရေးထားတယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဘဲဥပုံရုံးခန်းကနေ လူထုကို မိန့်ခွန်းပြောခဲ့ပြီး အမေရိကမှာ ဒီလိုအကြမ်းဖက်မှုအတွက် နေရာမရှိကြောင်း၊ ဒီလိုအကြမ်းဖက်မှုတွေ ပုံမှန်ဖြစ်လာမှာကို ခွင့်ပြုမှာမဟုတ်တဲ့အကြောင်း ထည့်ပြောသွားပါတယ်။

အရေးကြီးတဲ့ အချိန်တွေမှာသာ ဘဲဥပုံရုံးခန်းကနေ ပြည်သူကို မိန့်ခွန်းပြောလေ့ရှိပြီး ဘိုင်ဒင်လက်ထက်မှာ ၃ ကြိမ်သာ ပြောခဲ့ဖူးပါတယ်။

သေနတ်သမား သောမတ်စ် မက်သယူး ခရွတ်ခ်စ်ဟာ ပစ်ခတ်မှုဖြစ်ရာနေရာနဲ့ မိုင် ၅၀ အကွာက ဘီသဲလ်ပက်ခ်မှာ နေထိုင်သူဖြစ်တယ်လို့ အက်ဖ်ဘီအိုင်က အတည်ပြုပါတယ်။

သူဟာ ဖခင်ရဲ့ AR စတိုင် ရိုင်ဖယ်နဲ့ စုဝေးပွဲနားက အဆောက်အအုံတခု ခေါင်းမိုးပေါ် တက်နေရာယူခဲ့ပါတယ်။ ပွဲလာသူတချို့က သူ့ကိုမြင်လို့ ဒေသ လုံခြုံရေးတာဝန်ရှိသူတွေကိုတောင် လှမ်းသတိပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ဝင်တယောက်ဟာ လှေကားနဲ့ ခေါင်းမိုပေါ်လိုက်တက်ပြီး သေနတ်သမားကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်သမားက ပစ်ခတ်ဖို့ ချိန်ရွယ်ခြိမ်းခြောက်တာကြောင့် ရဲက လှေကားကနေ ပြန်ဆင်းပြေးချိန်မှာပဲ ထရမ့်ပ်ကို မြန်မြန်ဆန်ဆန် လှမ်းပစ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီမှာပဲ လျှို့ဝှက်ထောက်လှမ်းရေးတွေကလည်း သေနတ်သမားကို ချက်ချင်းပဲ အသေပစ်ခတ် နှိမ်နင်းခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဘာကြောင့် သေနတ်သမားက ထရမ့်ပ်နဲ့ မီတာ ၁၀၀ ကျော် အနီးအနား အဆောက်အဦ ခေါင်မိုးပေါ် ရောက်လာနိုင်ခဲ့တာလဲ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေးက အရင်မပစ်နိုင်ခင် သေနတ်သမားက အရင်ပစ်နိုင်တာကလည်း အံ့ဩစရာ ဖြစ်ခဲ့ရပါတယ်။

သေနတ်သမား ခရွတ်ခ်စ်ရဲ့ ကားထဲမှာနဲ့ အိမ်မှာလည်း ဗုံးလုပ်တဲ့ပစ္စည်းတွေ တွေ့ရပါတယ်။ ဒါပေမဲ့ အကြမ်းစားအဆင့်ပဲရှိတယ်လို့  FBI က သုံးသပ်ပါတယ်။

သူ့လူမှုကွန်ရက်အကောင့်တွေမှာလည်း ခြိမ်းခြောက်တာတွေ၊ နိုင်ငံရေးအယူအဆတွေ မတွေ့ရပါဘူး။ မိသားစုကလည်း စစ်ဆေးမှုမှာ ကြည်ကြည်ဖြူဖြူပဲ ပူးပေါင်းပါဝင်ပါတယ်။

ခရွတ်စ်ခ်ဟာ ရီပတ်ဘလီကန်အဖြစ် မဲပေးဖို့ မှတ်ပုံတင်ထားသလို ဒီမိုကရက် ကော်မတီတခုကိုလည်း ဘိုင်ဒင် သမ္မတအဖြစ် ကျမ်းကျိန်တဲ့နေ့က ၁၅ ဒေါ်လာ လှူဖူးတဲ့အတွက် ဘယ်ပါတီထောက်ခံသူလဲ ဆိုတာကလည်း ပြောရခက်နေပါတယ်။

သမ္မတဘိုင်ဒင်ကတော့ စိတ်ထင်ရာ ယူဆနေကြတာမျိုး မလုပ်ဘဲ တာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုကို စောင့်ဖို့ တိုက်တွန်းထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013