
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ၂၀၂၆ ခုနှစ်မှာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ အမည်ကို အကြိမ် ၉၀၀ နီးပါး ထည့်ပြော၊ ထည့်ရေးခဲ့တယ်လို့ ရိုက်တာက စက်တင်ဘာ ၂၁ ရက်မှာ ဖော်ပြ ပါတယ်။
မိန့်ခွန်းတွေ၊ မှတ်ချက်တွေနဲ့ Truth Social ပို့စ်တွေမှာ တနေ့ ပျမ်းမျှ ၃ ကြိမ်လောက် ဘိုင်ဒင်ကို ရည်ညွှန်းခဲ့ပါတယ်။ ရာထူးက ဆင်းခဲ့တာ လ ၂၀ ကြာပြီဖြစ်ပေမဲ့ ဘိုင်ဒင်ဟာ ထရမ့်ပ်ရဲ့ အဓိက နိုင်ငံရေးပစ်မှတ် ဖြစ်နေဆဲပါ။
ထရမ့်ပ်က ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ခဲယမ်းမီးကျောက် မလုံလောက်မှုတွေ အတွက် ဘိုင်ဒင်ကို အပြစ်ဖို့လေ့ရှိပါတယ်။
နိုဝင်ဘာ ၃ ရက် သမ္မတသက်တမ်းလယ်၊ လွှတ်တော်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ လွှတ်တော်ကို ဆက်ထိန်းချုပ်နိုင်ဖို့ ထရမ့်ပ်က မဲဆွယ်နေပါတယ်။
တဖက်မှာတော့ ထရမ့်ပ်အပေါ် လူထုထောက်ခံမှု ကျဆင်းနေပြီး အီရန်စစ်ပွဲနဲ့ လူနေမှုစရိတ် ကြီးမြင့်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။
ရီပတ်ဘလစ်ကန် မဟာဗျူဟာအကြံပေး ရိုင်ယန်ဝီလျံစ်က ဘိုင်ဒင်ကို ပစ်မှတ်ထားတာဟာ လက်ရှိ ပြဿနာတွေကနေ အာရုံလွှဲဖို့ အသုံးချနိုင်တဲ့နည်းလို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုအတွက် အမေရိကန်အများစုက ထရမ့်ပ်ကိုပဲ အပြစ်တင်နေတယ်လို့ လူထုစစ်တမ်းတွေက ဖော်ပြပါတယ်။
ဘိုင်ဒင်လက်ထက် အိမ်ဖြူတော်အရာရှိဟောင်း မီဂန်ဟေးစ်က “တနှစ်မပြည့်ခင် အကြိမ် ၉၀၀ ထည့်ပြောနေတာဟာ အုပ်ချုပ်နေတာ မဟုတ်ဘူး၊ အစွဲအလမ်းကြီးနေတာ” လို့ ဝေဖန်ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရသူ အိုလီဗီယာဝေးလ်စ်ကတော့ ထရမ့်ပ်ဟာ ဘိုင်ဒင်ချန်ခဲ့တဲ့ ပြဿနာတွေကို နေ့တိုင်း ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။
Source:Reuters











